ကိုယ့်အား ကူညီသူကို တံစိုးလက်ဆောင်ပေးချင်သည် အကျင့်ပျက်ခြစားမှု မဟုတ်ပဲ စေတနာသာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား


သမ္မတဦးသိန်းစိန်သည် ၆ပွင့်ဆိုင် တွေ့ဆုံမှု မတိုင်မီ တရက်အလို ဧပြီလ ၉ ရက်နေ့တွင် ၄င်း၏ သဘောထားများကို ဂျပန်အခြေစိုက် မီနီချီ သတင်းစာကြီးနှင့် သီးသန့် အင်တာဗျူးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်တာဗျူးတွင် မီနီချီသတင်းစာ ရန်ကုန်ဗျူ ရိုတာဝန်ခံ Takayuki Kasuga က "အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံက အခြေအနေကို သမ္မတကြီး ဘယ်လိုမြင်ပါသလဲ။ သည်အခြေအနေကို တိုးတက်လာဖို့  ဘာတွေ လုပ်နိုင်ပါသလဲ။" ဟု မေးမြန်းရာ

သမ္မတဦးသိန်းစိန်က

""လက်ဆောင်ပေးကြတာက မြန်မာတွေရဲ့ ထုံးတမ်းစဉ်လာပဲ မဟုတ်ပါဘူး။ ဂျပန်လူမျိုးတွေမှာလည်း အဲဒီထုံးစံရှိပါတယ်။ အစားအစာနဲ လက်ဆောင်တွေ ကို ကိုယ်နဲ့ ခင်မင်တဲ့လူကို ပေးကြတယ်.။ တချို့ကလည်း အသုံးဝင်မယ့် ပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးကြတယ်။ တချို့  ဓာတ်ပုံတွေလို လက်ဆောင်တွေကို သတိရဖို့ ပေးကြတယ်။ ကျွန်တော်တို့ ချည်းပဲ ထူးထူးခြားခြား လုပ်တာမဟုတ်ပါဘူး။ ဂျပန်လူမျိုးတွေမှာလည်း အတူတူ ပါပဲ။ လက်ဆောင်ပေးတယ်ဆိုတာ ခင်မင်တယ်ဆိုတဲ့ သဘောပါ။

နောက်ပုံစံတမျိုးကတော့ ကိုယ့်ပြဿနာကို တစ်စုံတစ်­ခုကို ဖြေရှင်းပေး တဲ့ တစ်စုံတစ်ဦးကို ငွေကြေး ဒါမှမဟုတ် တစ်ခုခုပေးတာ။ ဒါက ကိုယ့် စိတ်စေတနာနဲ့ ကိုယ့်ဘာသာပေးတာ။

နောက်တတိယပုံစံတစ်မျိုးတော့ ကိုယ့်အတွက် တစ်စုံတစ်ခုလုပ်ပေး တဲ့ အတွက် တစ်စုံတစ်ရာကို တောင်းဆိုတာ။ အဲဒါက လိုချင်တာ ကို တောင်းတာပေါ့လေ။ ဒါကတော့ အကျင့်ပျက်ခြစားမှုလို့ ခေါ်ပါတယ်။

သည်လိုပုံစံ သုံးမျိုးကို တခြားနိုင်ငံ၊ တခြားအစိုးရ ၊ တခြား အဖွဲ့ အစည်းတွေ မှာလည်း ခင်ဗျားတွေ့မြင်နိုင်မှာပါ။

နောက်ဆုံးအမျိုးအစားဖြစ်တဲ့  တစ်ခုခုကို ရချင်လို့ အကျင့်ပျက်ခြစားတာ မှာတော့ လူနှစ်ဦးနဲ့ပဲဆိုင်ပါတယ်။ တခြား လူတွေက မသိဘူးလေ။ လာဘ်ပေးရတဲ့ လူက တိုင်ရင်တော့ ဥပဒေ အရ အပြစ်ပေးလို့ရတာပေါ့။ အကျင့်ပျက်ခြစားမှုကို တရားဝင် ထိထိရောက်ရောက် အရေးယူခြင်း နဲ့ ကာကွယ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ ကျွန်နော်တို့ ဒါကို အကောင်အထည်ဖော်နေ ပါတယ်။ တခြားနိုင်ငံတွေမှာလည်း သည်အတိုင်းပါပဲ။ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး မကျေနပ်ခဲ့ရင် သမ္မတဆီကို တိုက်ရိုက်တိုင်ကြားနိုင်ပါတယ်။ သမ္မတရုံးမှာ သူတို့ တိုင်ကြားတာတွေကို ဖြေရှင်းတဲ့ အဖွဲ့ ရှိပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း မြန်မာမှာ တရားဝင် ဖွဲ့ စည်းပြီးပါပြီ။ သည်နည်းလမ်းနဲ့ ကျွန်တော်တို့ တဖြည်းဖြည်း တိုက်ထုတ်နေ ပါတယ်။ ဒါကျွန်တော်တို့ တိုင်းပြည်တင်မကပါဘူး တခြား တိုင်းပြည်တွေမှာလည်း အတူတူပါပဲ။""

ဟု ဖြေဆိုခဲ့ကြောင်း မီနီချီသတင်းစာက ဖော်ပြခဲ့သည်။

လင်းလင်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ကိုယ့်အား ကူညီသူကို တံစိုးလက်ဆောင်ပေးချင်သည် အကျင့်ပျက်ခြစားမှု မဟုတ်ပဲ စေတနာသာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား  ကိုယ့်အား ကူညီသူကို တံစိုးလက်ဆောင်ပေးချင်သည် အကျင့်ပျက်ခြစားမှု မဟုတ်ပဲ စေတနာသာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား Reviewed by သစ်ထူးလွင် on 19:22 Rating: 5
Powered by Blogger.