နေရပ်ပြန် မြန်မာအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၄ ဦး သေဆုံး



 ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ သင်္ကြန်ပိတ်ရက် အိမ်ပြန်မယ့် မြန်မာ အလုပ်သမားတွေ စီးလာတဲ့ကား  ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ သွားတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၈ ရက် ဒီနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီအချိန် နယ်မြေထဲမှာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ကယ်ဆယ်ရေးယာဉ်တွေနဲ့အတူ သွားရောက် စစ်ဆေးရာမှာ ကမ်ဖိုင်ဖစ်နဲ့ တာ့ခ်ခရိုင်ကြား ခလောင်းဆင်ဝန်းကျေးရွာအနီး ဖဟွန်ယိုးထင်း လမ်းဘေးမှာ သစ်ပင်တပင်ကို ၀င်တိုက်ထားတဲ့ အဖြူရောင်မှန်လုံကားတစီး တွေ့ရှိတယ်လို့ ကမ်ဖိုင်ဖစ်မြို့မရဲစခန်းက ဒုရဲမှူး အားထစ်ဘွန်းဖွန်းဆဖားဖွန်းက သတင်းထောက်တွေကို ပြောပါ တယ်။

ယာဉ်တိုက်မှုကြောင့် မော်တော်ကားရှေ့ခန်း မှန်အကုန်ကွဲပြီး ခေါင်မိုးနဲ့ ကားရှေ့ခေါင်း ချိုင့်ဝင် ပျက်စီးကြောင်း၊ ကားထဲမှာ သေဆုံးနေသူ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦးကို တွေ့ရှိပြီး ဒဏ်ရာရသူပေါင်း ၇ ဦးရှိကာ ကမ်ဖိုင်ဖစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ကားပေါ်ပါလာတဲ့သူတွေအားလုံးဟာ ဘန်ကောက်ကို သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပြီး သင်္ကြန် အလုပ်ပိတ်ရက် အိမ်ပြန်ဖို့ မြို့တော် ဘန်ကောက်ကနေ ထိုင်းမြန်မာနယ်စပ် မဲဆောက်ထိ ကားစင်းလုံး ငှားလာရာက လမ်းခုလပ်မှာ ခုလို မတော်တဆထိခိုက်မှု ကြုံတွေ့ရတာလို့ ဆိုပါတယ်။

ကားမောင်းသူမှာ အသက် ၃၄ နှစ်ရှိ ထိုင်းနိုင်ငံသား နိုင်းဆူဖချိုင်းဆိုသူ ဖြစ်ပြီး သူမှာတော့ ကြီးမားတဲ့ဒဏ်ရာ မရကြောင်း၊ သူဟာ ဘန်ကောက်ကနေ တောက်လျှောက် မောင်းလာပြီး နွမ်းနယ်ပုံရကာ အခင်းဖြစ်တဲ့နေရာ လမ်းအကွေ့မှာ အိပ်ငိုက်ပြီး ကားနဲ့ သစ်ပင် အရှိန်နဲ့ ၀င်ဆောင့်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်တဲ့ နိုင်းဆူဖချိုင်းကို ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ တပါးသူ သေကျေဒဏ်ရာရစေမှုတွေနဲ့ အရေးယူဖို့ ကမ်ဖိုင်ဖစ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ ဆိုပါတယ်။

အဲဒီလမ်းမပေါ်မှာ အလုပ်သမားတွေ စီးနင်းလာတဲ့ကား မတော်တဆ ထိခိုက်မှု ဖြစ်ပွားတာ ခု ၁ ပတ်အတွင်း ၂ ကြိမ်ရှိသွားပြီလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြ သွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ဓာတ်ပုံ – manager.co.th
နေရပ်ပြန် မြန်မာအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၄ ဦး သေဆုံး  နေရပ်ပြန် မြန်မာအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၄ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 16:27 Rating: 5
Powered by Blogger.