IS အဖွဲ့နဲ့ ပူးပေါင်းသူတွေများလာလို့ အင်ဒို အခက်တွေ့နေ

အကြမ်းဖက် ခေါင်းဆောင် Santoso ဟာ ၂၀၀၉ ခုနှစ်တုန်းက ဗီဒီယို တစ်ခုတင်ပြီး အသေခံအကြမ်းဖက်မှုတွေ လုပ်ဖို့ တိုက်တွန်းထား (Credit: ABC licensed)

အင်ဒိုနီးရှားနိုင်ငံသားတွေက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့နဲ့ ​ပူးပေါင်း ​တိုက်ခိုက်သူတွေ ​များလာတဲ့အတွက် ​အင်ဒိုနီးရှားအနေနဲ့ ​အခက်တွေ့နေပြီး ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေး ​ညီလာခံကို ​ကျင်းပနေရပါတယ်။

အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံကို ​သွားပြီး ​အကြမ်းဖက်အဖွဲ့နဲ့ ​ပူးပေါင်းတဲ့ ​ကိစ္စကို ​ဘယ်လို ​ရပ်တန့်သင့်သလဲ ​ဆိုတာကို ​ဆွေးနွေးပေးဖို့လည်း ​ပညာရှင်တွေကို ​ဖိတ်ကြားထားပါတယ်။

IS ​အဖွဲ့ဟာ ​တွစ်တာလို ​လူမှုကွန်ယက် ​ဝဘ်ဆိုက်ကို ​အသုံးပြုပြီး ​လူတွေဆီ ​ဝါဒဖြန့်နေတာက ​Al-Qaeda ​အဖွဲ့ထက်တောင် ​အောင်မြင်မှု ​ရတယ်လို့ ​ပြောပါတယ်။

အဲဒီကနေတဆင့် ​You ​Tube ​ကနေလည်း ​ဗီဒီယိုတွေ ​တင်ပြီး ​ဝါဒဖြန့်နေတာ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​အင်ဒိုနီးရှားနိုင်ငံ ​အစိုးရက ​ဖမ်းဆီးဖို့ ​လိုလားနေတဲ့ ​အကြမ်းဖက် ​ခေါင်းဆောင်ရှိရာ ​တောထဲကို ​အင်ဒိုနီးရှားက ​စစ်သားအယောက်ပေါင်း ​၃၂၀၀ ​ကို ​စေလွှတ်ထားတယ်လို့ ​သိရပါတယ်။

အဲဒီ ​စစ်သားတွေကို ​စစ်ရေးလေ့ကျင့်ဖို့ ​ပို့ဆောင်တာဖြစ်တယ်လို့ ​အင်ဒိုနီးရှား ​စစ်အရာရှိက ​ပြောပါတယ်။

Santoso ​ဟာ ​East ​Indonesia ​Mujahideen ​အဖွဲ့ရဲ့ ​ခေါင်းဆောင်ဖြစ်ပြီး ​အင်ဒိုနီးရှား ​အစိုးရက ​ဖမ်းဆီးဖို့ ​အလိုရှိနေတာ ​ဖြစ်ပါတယ်။ ​သူဦးဆောင်တဲ့အဖွဲ့ကို ​MIT ​လို့လည်း ​ခေါ်ပါတယ်။

MIT ​အဖွဲ့ဟာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွရဲ့ ​လုပ်ရပ်ကို ​ထောက်ခံတဲ့ ​အဖွဲ့ဖြစ်ပါတယ်။

Santoso ​ဟာ ​Sulawesi ​ကျွန်းမှာ ​ပုန်းအောင်းနေသူဖြစ်ပြီး ​ရန်ဖန်ရန်ခါ ​ဝါဒဖြန့်ချီတဲ့ ​ဗီဒီယိုတွေကို ​တင်လေ့ရှိပါတယ်။

မနေ့တုန်းကပဲ ​နိုင်ငံခြားသားတချို့ဟာ ​MIT ​အဖွဲ့နဲ့ ​ပူးပေါင်းဖို့ ​အင်ဒိုနီးရှားကို ​ရောက်လာကြတယ်ဆိုပြီး ​အဲဒီ ​နိုင်ငံခြားသားတွေကို ​အင်ဒိုနီးရှားက ​ဖမ်းဆီးထားပါတယ်။

တရုတ်နိုင်ငံက ​ဝိဂါမွတ်စလင် ​၄ ​ယောက်ဟာ ​တူရကီနိုင်ငံကနေ ​ဆီးရီးယားကို ​သွားဖို့ ​စီစဉ်တုန်း ​တားမြစ်ခံခဲ့ရပါတယ်။ ​အဲဒီနောက်ပိုင်း ​အင်ဒိုနီးရှားနိုင်ငံကို ​လာပြီး ​Santoso ​ဦးဆောင်တဲ့ ​MIT ​အဖွဲ့နဲ့ ​ပူးပေါင်းဖို့ ​ကြိုးစားခဲ့ရာက ​အင်ဒိုနီးရှားက ​ဖမ်းမိထားတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အဖွဲ့နဲ့ ပူးပေါင်းသူတွေများလာလို့ အင်ဒို အခက်တွေ့နေ IS အဖွဲ့နဲ့ ပူးပေါင်းသူတွေများလာလို့ အင်ဒို အခက်တွေ့နေ Reviewed by သစ်ထူးလွင် on 10:29 Rating: 5
Powered by Blogger.