|| Opinion - အရှင်ရာဝိက(မုဒုံ) ||
၁။ ပုဒ်မ ၅၉ (စ) ကိစ္စ
အစက ဒီကိစ္စ အရေးမကြီးဘူး သဘောထားပြီး မရေးဘဲ နေဖို့ပါပဲ။ ဒါပေမဲ့ တစ်ချက်ကို သွားသတိထားမိတယ်။ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံမှာ ပါဝင်ခဲ့တယ်လို့ ဖြေကြားသွားခြင်းဖြစ်တယ်။ ဒီပုဒ်မကို ထည့်သွင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ဘဲ မြန်မာနိုင်ငံဟာ တရုတ်နဲ့အိန္ဒိယကြားမှာ ရှိနေခဲ့လို့ မြန်မာတိုင်းရင်းသားများသာ သမ္မတဖြစ်ခွင့်ရှိစေဖို့ အကာအကွယ်ပေးထားခြင်းဖြစ်ကြောင်းဆိုပါတယ်။
သူ့စကားကို စိစစ်ရအောင်ပါ။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံမှာ သမ္မတအရည်အချင်းနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၉ (က) အရ "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော"လို့ ပါဝင်ပါတယ်။
အခု ၂၀၀၈-ခု၊ နာဂစ်ဖွဲ့စည်းပုံမှာ "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးနိုင်ငံသားများ မဖြစ်စေရ...."စသည် ပါရှိပါတယ်။
ဒီပုဒ်မနှစ်ခုဟာ မတူကြောင်းသိသာထင်ရှားလွန်းလှပါတယ်။ ၁၉၄၇-ခုဖွဲ့စည်းပုံမှာ မြန်မာနိုင်ငံသား မိဘနှစ်ပါးကနေ မြန်မာနိုင်ငံမှာ မွေးတဲ့ မြန်မာနိုင်ငံသားစစ်မှန်ရင် သမ္မတဖြစ်နိုင်ပါတယ်။ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးများကို ဝက်အူရစ်ထားခြင်းမရှိပါ။ ဒါကြောင့်လည်း ရှမ်းစော်ဘွားစဝ်ရွှေသိုက်ဟာ သူ့သမီး စစ်စန္ဒာက ဗြိတိသျှနိုင်ငံသား တစ်ဦးဖြစ်သူ Peter Simms နဲ့ လက်ထပ်ထားပေမဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဖြစ်ခွင့် ရခဲ့ပါတယ်။
၂၀၀၈-ခုဖွဲ့စည်းပုံမှာ ရှိသမျှမိသားစုဝင်များကို ဆွဲထည့်ပြီး မြန်မာနိုင်ငံသားစစ်မှန်ပြီး မိမိက ဘယ်လောက်ပဲတော်နေပါစေ မိမိရဲ့ မိသားစုဝင်တစ်ဦးဦးက ချွတ်ချော်သွား ခဲ့ရင် ကိုယ်ပါ ပါသွားမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှနိုင်ငံသားနဲ့ လက်ထပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံသား အဖြစ်ကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါ။ သူ့သား (၂) ယောက်ကိုလည်း မြန်မာနိုင်ငံသားအဖြစ်ကိုပဲ မွေးကတည်းကပင် ခံယူစေခဲ့ပါတယ်။ ဦးသိန်းစိန် တို့ရဲ့ စစ်အစိုးရဟာ သူ့သား (၂) ယောက်ကို စွန့်လွှတ်ခဲ့လို့ နိုင်ငံမဲ့ဖြစ်သွားရာက ဗြိတိသျှနိုင်ငံသား အဖြစ်ကို ခံယူလိုက်ရခြင်းဖြစ်တယ်။
ဒီမှာ ဦးသိန်းစိန်ရဲ့ ရိုးသားမှုကို မေးချင်ပါတယ်။ ဦးသိန်းစိန်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား (၂) ယောက်ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ပျက်ပြားသွားအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် လက်ရှိပုဒ်မ ၅၉ (စ) ကို ရေးဆွဲတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခဲ့ခြင်းမရှိဘူးလို့ ဘာအချက်နဲ့ ပြောနိုင်ပါသလဲ။ အိန္ဒိယနဲ့ တရုတ်တို့ကို ပဏ္ဏာတော်ဆက်သပြီး ရပ်တည်ခဲ့ရတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်အစိုးရဟာ အနောက်နိုင်ငံများကို မရည်ရွယ်ဘဲ ဒီအိမ်နီးချင်း (၂) နိုင်ငံကိုပဲ ဒီပုဒ်မကို ရေးဆွဲခဲ့တယ်လို့ ဆိုတော့ ယုံစရာ ဘယ်လောက်ရှိနိုင်ပါသလဲ။ တစ်နေက ဆယ်အထိ ခန့်မှန်းခိုင်းရင် တစ်အဆင့်တောင် မရှိပါဘူး။
နောက်တစ်ခု သမ္မတဦးသိန်းစိန်က ၁၉၇၄-ခုဖွဲ့စည်းပုံမှာလည်း ဒီပုဒ်မ ပါပြီးသားပဲလို့ ဆိုခဲ့ပါတယ်။ မပါကြောင်းကို ဦးသိန်းစိန်ရဲ့ဘိုးတော် ဦးနေဝင်းက သက်သေပြခဲ့ပြီဖြစ်ပါတယ်။ အဲဒါကတော့ ရတနာနတ်မယ်ပါပဲ။ သူက အီတလီနိုင်ငံသူပါ။ မြင်းဒိုင်းဆိုပါတော့။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးခဲ့လို့ မြင်းပွဲများကို ပိတ်ပင်ခဲ့တဲ့ နှာဗူးနေဝင်းဟာ စင်ကာပူအပါအဝင် ပြည်ပနိုင်ငံထွက်ပြီး မြင်းလောင်းလေ့ရှိရာက မြင်းလောင်းဒိုင်းတစ်ဦးရဲ့သမီး ရတနာနတ်မယ်နဲ့ ငြိခဲ့ခြင်းဖြစ်တယ်။ သူက တရားဝင်လက်ထပ်ပြီး သတင်းစာမှာတောင် ပါခဲ့ဖူးတာမို့ အဆိုပါသတင်းစာဖြတ်ပိုင်းကိုပါ ရအောင်ရှာပြီး ကြည့်ပါတော့။ ဒီတော့ ဒီပုဒ်မဟာ ၁၉၇၄-ခုဖွဲ့စည်းပုံမှာလည်း ပါခဲ့ပြီးဖြစ်လို့ ဒေါ်စုကို ရည်ရွယ်ခြင်းမရှိဘူးလို့ ပြောခြင်းဟာ လိမ်ညာခြင်းပဲဖြစ်တယ်။ ပုဒ်မ ၅၉ (စ) ဟာ ဘယ်ဖွဲ့စည်းပုံမှာမှ ပါခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရည်ရွယ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန် သိပါတယ်။
ဒီဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်ပေမဲ့ ပြည်ခိုင်ဖြိုး အမတ် ဘင်္ဂလီတွေကတော့ မြန်မာ့သွေးစစ်လွန်းလို့၊ တိုင်းရင်းသား စစ်လွန်းလို့၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့ရန်ကနေ မြန်မာနိုင်ငံကို ကာကွယ်နိုင်သူမို့ ယုံကြည်စိတ်ချရကာ သမ္မတဖြစ်ခွင့်ရအောင်တော့ ဦးသိန်းစိန်တို့က မရမက ရေးဆွဲပါတယ် ခင်ဗျ။ နောက်ပြီး ပြောလက်စနဲ့ ပြော ရရင် ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တယ်လို့ ပထမဆုံး ဖော်ပြတဲ့အုပ်စုဟာ မ.ဘ.သ တို့ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးပါစကားကို ထောက်ကြည့်ရင် သမ္မတဦးသိန်းစိန်ဟာ မ.ဘ.သ စကားကို ကိုးကားခြင်းဖြင့် မ.ဘ.သ ကို ကြိုးကိုင်နေသူ ဖြစ်ပြီး ၉၆၉ အဓိကရုဏ်းနောက်ကွယ်မှာ ပါဝင်သူ ဖြစ်ကြောင်း ခန့်မှန်းမိပါတယ်။
၂။ လက်ပံတန်းပင်မသပိတ်ဖြိုခွင်းမှု
သမ္မတဦးသိန်းစိန် က အင်တာဗျူးမှာ "ဟိုက ရိုက်လို့ ရဲက ပြန်ရိုက်ရတာ"လို့ ဖြေသွားပါတယ်။ "ရဲတွေဘက်က အကြမ်းဖက်တိုက်ခိုက်မှုများကိုပဲ တဖက်ထဲ ကြည့်ပြီး မပြောပါနဲ့"လို့လည်း ဆိုသွားပါတယ်။ ကျောင်းသားတွေက စခဲ့တာလား၊ ရဲတွေက စခဲ့တာလား မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့သလို သမ္မတပြောသလို ဥရောပ စံချိန်စံညွှန်းနဲ့ လူစုကို ဖြိုခွဲခဲ့တယ်ဆိုတဲ့စကားဟာလည်းပဲ ရီစရာအတိပဲ ဖြစ်တယ်။ ဥရောပအပါအဝင် တကမ္ဘာလုံးက ဒီအကြမ်းဖက်မှုဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ကြပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေဟာ ကျောင်းသားတွေကိုပဲ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာ မဟုတ်ပါဘူး။ မီဒီယာသမားတွေကိုလည်း တမင်တကာ ချောင်ပိတ်ရိုက်ခဲ့ကြပါတယ်။ သပိတ်ကားကို ဖျက်ဆီးခဲ့ကြသလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကိုလည်း ဆုတ်ဖြဲဖျက်ဆီးခဲ့ကြပါတယ်။ အလားတူ ခွပ်ဒေါင်းအလံကိုလည်း ခြေထောက်နဲ့ကန်၊ ခြေထောက်နဲ့ နင်းခြေခဲ့ပါသေးတယ်။ အဆိုးဆုံးမှာ သာရေးနာရေးအတွက် လာရောက်အကူအညီပေးနေတဲ့ လူနာတင်ကားကို ရစရာမရှိအောင် ဖျက်ဆီးသွားခဲ့ကြခြင်းဖြစ်ပါတယ်။
လက်ပံတန်းမှာ ရဲတွေ လူစုခွဲပုံနဲ့ ဟိုဥရောပမှာ ရဲတွေ လူစုခွဲပုံတို့ကို ထပ်ခါထပ်ခါ ကြည့်မိပါတယ်။ ဥရောပတပည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေက သူတို့ ဆရာ သင်ပြပေးတဲ့အတိုင်း လူစုခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောပေမဲ့ သူတို့ဆရာတွေက သူတို့သင်သလိုမဟုတ်ဘူးလို့ အကြောက်အကန် ငြင်းဆိုကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ လုံးလုံးမတူပါ။ ဒါကို သမ္မတဦးသိန်းစိန် က ရဲဘက်ကနေပဲ ရပ်တည်ပြီး အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ မြို့တော်ခမ်းမအကြမ်းဖက်မှု၊ ဟို လက်ပံတောင်းစီမံကိန်း မီးလောင်းပုံအကြမ်းဖက်မှုတို့နောက်မှာ သမ္မတကြီးက အသေအချာ ရှိနေကြောင်း သက်သေပဲ ဖြစ်တယ်။ အမှန်မှာ လက်ပံတောင်းတောင်တုန်းကလည်း မီးလောင်းဗုံးကျွေးခြင်းမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သမ္မတရုံးက စာမျက်နှာမှာ ပေါ်လာပြီးမှ ပြန်ဖြုတ်ခဲ့ခြင်းဖြစ်တယ်။
သမ္မတဦးသိန်းစိန်ဟာ လူတွေ ထင်သလို နာဂစ်မုန်တိုင်းကို သင်ခန်းစာယူပြီး လူကောင်းလုပ်လိုသူမဟုတ်ကြောင်း သိသာ ထင်ရှားလှ ပါတယ်။ သူဟာ သူ့ဆရာ့ဆရာတွေလိုပဲ ဖြစ်တယ်ဆိုတာ ဒီကနေ့ မိမိတို့ ထပ်မံသိရှိရပြန်ပါပြီ။
၃။ တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ
ဘီဘီစီ အင်တာဗျူးမှာ သမ္မတဦးသိန်းစိန် နောက်ထပ်ဖြေကြားချက်တစ်ခုကို ကြည့်ရင် စိတ်ဓာတ်ကျစရာအတိပဲ ဖြစ်ပါတယ်။ သူက လက်ရှိဖွဲ့စည်းပုံမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ရယူထားခြင်းမှာ အင်ဒိုနီရှားရဲ့ ဒွိဖန်စီမှာပါတဲ့ (၄၀) ရာခိုင်နှုန်းထက် မဆိုးဘူးလို့ ပြောပါတယ်။ ဟိုမှာ ကျင့်သုံးတဲ့ ဒွိဖန်စီက မရှိတော့ဘူးလေ။ အလုပ်မဖြစ်လို့ မသုံးတော့တဲ့ စနစ်တစ်ခုကို ကိုးကားနေတယ်ဆိုကတည်းက ဒီသမ္မတက ဘာသမ္မတလည်း သိသာလှပါတယ်။ သူက ခေတ်အမြင်ခေတ်အတွေးနဲ့ အလုပ်လုပ်နေသူ မဟုတ်ကြောင်းကို သိနိုင်ပါတယ်။ အင်ဒိုသားတွေ စွန့်ပစ်သွားတဲ့ နိုင်ငံရေးစနစ်တစ်ခုကို မြန်မာက အမှိုက်ပုံကနေ ကောက်ပြီး ယူသုံးနေရတာကိုးက နိုင်ငံသိက္ခာဘယ်မလဲ။ အနောက်တိုင်းဒီမိုကရေစီကို ယူမသုံး၊ ကိုလိုနီလက်သစ်ဝါဒကို လက်မခံဆိုပြီးမှ ဒီလိုမျိုး ချိုးသွားတာ ရှက်စရာပါ။
နောက်တစ်ခုပေါ့။ တပ်မတော်က သူ့မှာ လုပ်ငန်းစဉ် (၂) ရပ်ရှိတယ်ဆိုပဲ။ (၁) စစ်တိုက်မယ်။ (၂) နိုင်ငံရေးထဲ ဝင်ပါမယ်။ စစ်တိုက်စရာမရှိရင် နိုင်ငံရေးထဲ ဝင်လုပ်မယ်တဲ့။ ဒါဟာ အမျိုးသားနိုင်ငံရေးကို လုပ်ခြင်းလို့ ဦးသိန်းစိန်က ရည်ညွန်းပါတယ်။ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ ဘယ်လိုကွာလဲ ရှင်းပြမသွားဘူး။ ပါတီနိုင်ငံရေးရော၊ တသီးပုဂ္ဂလနိုင်ငံရေးရော၊ ဟိုလက်နက်ကိုင်တော်လှန်ရေးရော အမျိုးသားနိုင်ငံရေးမဟုတ်ဘူး။ ရှိသမျှအာဏာကို ဆုပ်ကိုင်ထားပြီး အမျိုးသားနိုင်ငံရေးဆိုတဲ့ ပျားရည်နဲ့ ဝမ်းချရုံနဲ့ တပ်ကို ပြည်သူတွေ လက်ခံကြမှာမဟုတ်ဘူး။ စစ်တပ်ဆိုတာ ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်ရမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ ဝင်ရှုပ်စရာမလိုဘူး။
အရေးကြီးဆုံးမှာ ဦးသိန်းစိန် က "စစ်တပ်က ပါတီနိုင်ငံရေးမှာ ဝင်မပါဘူး"တဲ့။ "ဒါကြောင့် ပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှ်က မဖြစ်ဘူး"ဆိုတဲ့သဘောပေါ့။ ထားလိုက်ပါတော့။ တပ်မတော်က ပါတီနိုင်ငံရေးကို ဝင်မစွက်ဘူးဆိုပါတော့ အောက်ပါအရေးကိစ္စတွေမှာ ပါတီတွေက တပ်မတော်ကို ဝင်စွက်ဖက်လို့ ရသလားလို့ မေးချင်ပါတယ်။
(၁) ကာလုံမှာ ထိုင်ခုံ (၆) ခုံ ရယူထားတဲ့ကိစ္စ။
(၂) ရွေးကောက်ပွဲမဝင်ဘဲ သမ္မတတစ်နေရာ ရနေတဲ့ကိစ္စ။
(၃) ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်လုံဝန်ကြီးဌာန (၃) ခုကို မောင်ပိုင်စီးထားတဲ့ကိစ္စ။
(၄) လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းရယူထားတဲ့ကိစ္စ။
(၅) ကိုယ့်ဟာကိုယ် စစ်ကျေညာနိုင်တဲ့ကိစ္စ။
(၆) ကိုယ့်ဟာကိုယ် တရားစီရင်နိုင်တဲ့ကိစ္စ။
(၇) ကိုယ့်ဟာကိုယ် စီးပွားရှာနိုင်တဲ့ကိစ္စ။
ဒီကိစ္စတွေမှာ ပါတီတွေက ဝင်စွက်လို့ ရသလားခင်ဗျား။ ဒီအရေးတွေမှာ ဘယ်ပါတီကမှ ဝင်စွက်လို့ မရဘူးဆိုခဲ့ရင် စစ်တပ်က ပါတီနိုင်ငံရေးမှာ အချိန်ကုန်ခံပြီး ဘယ်လာရှုပ်ပါတော့မလဲ။ ရုပ်ပြနိုင်ငံရေးပဲ ရှိတဲ့ ပါတီနိုင်ငံရေးကို တရွေးသားမှ အထင်ကြီးမှာမဟုတ်ဘူး။ သမ္မတဦးသိန်းစိန်ရဲ့ ဒီစကားတစ်ခွန်းကြောင့်ပဲ ၆-ပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ဘာမှ အရာမရောက်နိုင်ဘူးလို့ တွက်လို့ ရနေပါပြီ။ မဟုတ်ဘူးဆိုခဲ့ရင် သမ္မတရုံးကနေ ဖြေရှင်းကြည့်ပါ။
ဒီတော့ ဘီဘီစီ အင်တာဗျူးမှာ ဦးသိန်းစိန်ဟာ "သူဟာ တပ်ကလူ ဖြစ်ပြီး တပ်ကိုပဲ သစ္စာရှိကြောင်း" ဖော်ပြသွားသလို "သူဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို လုံးဝဂရုစိုက်သူမဟုတ်ဘဲ အုပ်ချုပ်သူလူတန်းစားတွေဘက်ကနေပဲ လုံးဝရပ်တည်သူဖြစ်ကြောင်း"လည်း ပေါ်လွင်စေပါတယ်။
အရှင်ရာဝိက(မုဒုံ)
(ဆောင်းပါးရှင်၏ အတွေးအမြင် ယူဆချက်သာ ဖြစ်ပါသည်။)
The Ladies News Journal
https://www.facebook.com/News.TheLadies
ဦးသိန်းစိန်ရဲ့ ဘီဘီစီ အင်တာဗျူးနဲ့ ပတ်သက်ပြီး ဒီလိုမြင်တယ်
Reviewed by သစ်ထူးလွင်
on
20:08
Rating: