နေပြည်တော်၊ မတ် - ၂၁
နှစ်နိုင်ငံ နယ်စပ်နှင့် မီတာ ၁၅၀၀ ခန့် အကွာတွင် ရှိသော ကိုးကန့်သောင်းကျန်းသူများ အတွက် စစ်နည်းဗျူဟာ လိုအပ်ချက် တောင်ကုန်းများ ဖြစ်သည့် ပွိုင့်-၁၅၆၄ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်စစ်ဆင်ချေမှုန်း တိုက်ခိုက်လျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် ပွိုင့်-၁၅၆၄ တောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။ ထို့အတူ ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောရှိ ကိုးကန့် သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်း များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။
အလားတူ ယနေ့တွင် တပ်မတော်စစ်ကြောင်းများက ရှင်ပင်ကိုင်းကျေးရွာ အနီးရှိ ပွိုင့်-၁၉၆၈ တောင်ကုန်းနှင့် ပွိုင့်-၁၉၅၁ တောင်ကုန်း များအား ရှင်းလင်း သိမ်းပိုက်ခဲ့သည်။
ကိုးကန့် သောင်းကျန်းသူများသည် မြေအနေအထား အသာစီးရမှုကို အခွင့်ကောင်းယူ၍ တောင်ကုန်းများပေါ်တွင် အခိုင်အမာ ခံကတုတ်များ ဆောက်လုပ်ကာ ဆက်သွယ်ရေး မြောင်းများ၊ ဗုံးခိုကျင်းများနှင့် ပစ်ကျင်းများ တူးထားပြီး လောင်ချာ၊ လက်ပစ်ဗုံး၊ စက်သေနတ်ကြီးနှင့် တိုက်မိုင်းများဖြင့် တပ်မတော် စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တိုက်စစ်ဆင်နေသည့် တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူပစ်အားများ ရယူ၍ ဟန်ချက်ညီစွာ ရွပ်ရွပ်ချွံချွံ ထိုးဖောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အခိုင်အမာ ခံစစ်ယူထားသော တောင်ကုန်းများအား သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲများတွင် ကိုးကန့် သောင်းကျန်းသူ အလောင်း ၃ လောင်း၊ လက်နက်ငယ် ၅ လက် ၊ ကျည်အိမ် ၁ ခု ၊ ကျည်မျိုးစုံ ၃၃၅ တောင့် ၊ တိုက်မိုင်း ၁၁ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လောင်ချာဗုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၃ လုံး၊ လုပ်သေနတ် ပြုလုပ်မည့် ဆက်စပ်ပစ္စည်းများ၊ MNDAA လက်မောင်းတံဆိပ် ပါယူနီဖောင်း ၈ စုံ၊ စစ်စိမ်းရောင် ဘောင်းဘီ ၂ထည်နှင့် အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ အရာရှိ ၊ စစ်သည် ၁၁ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia
တပ်မတော် စစ်ကြောင်းများက ပွိုင့်-၁၅၆၄ တောင်ကုန်းအား သိမ်းပိုက်ရရှိ
Reviewed by သစ်ထူးလွင်
on
03:16
Rating: