အကြမ်းဖက်မှု ဆန့်ကျင်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု စတင်

"We are Students. Respect our rights " လက်ပတ်ဖြူ လှုပ်ရှားမှု- သတင်းဓာတ်ပုံ Credit to- ကိုဆောင်းခ FB လူမှုကွန်ရက်စာမျက်နှာ။
လက်ပံတန်းက ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီကနေ့မှာဘဲ လက်ပတ်ဖြူ လှုပ်ရှားမှု တရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ "We are Students. Respect our rights "ငါတို့ဟာ ကျောင်းသားတွေ ဖြစ်တယ်၊ ငါတို့ အခွင့်အရေးကို လေးစားပါလို့ အဖြူရောင် ပိတ်စပေါ်မှာ ရိုက်နှိပ်ထားတဲ့ လက်ပတ်တွေကို ရန်ကုန်က ပြည်သူတွေ ကြောက်ရွံ့မှု မရှိဘဲ လက်ခံ ယူခဲ့ကြတယ်လို့လည်း လတ်ပတ်တွေကို လိုက်လံ ဝေမျှပေးခဲ့ သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက် မေးမြန်းထားပါတယ်။

"We are Students. Respect our rights" ငါတို့ဟာ ကျောင်းသားတွေ ဖြစ်တယ်။ ငါတို့ရဲ့ အခွင့်အရေးကို လေးစားပေးပါလို့ အဖြူရောင် ပိတ်စပေါ်မှာ အနီရောင် လက်သီး လက်မောင်းတန်းပြီး တောင်းဆိုနေပုံကို ရိုက်နှိပ်ထားတဲ့ ပိတ်စတွေကို သောကြာနေ့မှာ ရန်ကုန်မြို့မှာ တက်ကြွ လှုပ်ရှားသူတွေ၊ ပြည်သူတွေ နဲ့ ကျောင်းသားတွေက လိုက်လံ ဖြန့်ဝေခဲ့ကြတာပါ။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို အာဏာပိုင်တို့ အကြမ်းဖက် ဖြိုခွင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အခုလို ငြိမ်းချမ်းတဲ့ လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြတာပါ။ အခု လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုဆောင်းခက လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်လာအောင်စုစည်းခဲ့ပုံကို အခုလို ပြောပြပါတယ်။

"ကျနော်တို့ အဓိက စတာကတော့ မဟာဗန္ဓုလ ပန်းခြံမှာ စုရပ်လုပ်လိုက်တာပါ။ ကျနော်တို့က ပြည်သူတွေကို Attention ခေါ်လိုက်တဲ့အခါမှာ လာလာပြီး သူတို့ဘာသာသူတို့ လာပူးပေါင်းတာ အယောက် ၅၀လောက် ရှိတယ်ပေါ့။ အဲ့သလို အယောက် ၅၀လောက် လာပူးပေါင်းတဲ့အခါမှာ အဲ့ဒီ့အယောက်ငါးဆယ်ကို ငါးယောက တအုပ်စုစီ ခွဲပြီးတော့ နေရာတွေ ပြန်ခွဲထုတ်လိုက်တယ်။ သူတို့ကို တခါတည်း ကျနော်တို့က စာရွက်စာတမ်းနဲ့ ညွှန်ကြားလိုက်တယ်။ ညွှန်ကြားတယ်ဆိုတာထက် မေတ္တာရပ်ခံတာပေါ့။ သူတို့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် တကယ်ကို ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင် ကြွေးကြော်သံတွေ မတိုင်ဖို့ အကြမ်းဖက်တဲ့ပုံစံမျိုး လုံးဝ မဖြစ်သွားဖို့ အဓိက ထားပြီးတော့ ပြောဖြစ်တယ်ဗျ။

ဘတ်စ်ကားတွေပေါ် တက်ပြီး လုပ်တာမျိုး လုပ်တယ်။ ပြီးတော့ အောက်မှာ ရှိတဲ့ ဈေးသည်တွေ အဲ့နားမှာ ဖြတ်သွား ဖြတ်လာ လူတွေအပေါ်မှာ ကျနော်တို့ လက်ပတ်တွေ ဝေဌတာ လုပ်ဖြစ်တယ်။ အရေအတွက် ၂၅၀၀ပါ။ လက်ပတ်အပေါ်မှာ "We are Students. Respect our rights"  ရေးတာပါခင်ဗျ။"

အဖြူရောင် လက်ပတ်ပေါင်း ၂ ထောင့် ၅ ရာကို မဟာဗန္ဓုလ ပန်းခြံကစပြီး ပန်းဆိုးတန်းဆိပ်ကမ်း၊ ပန်းဆိုးတန်း ကားဂိတ်၊ ရွှေဂုံတိုင်၊ လှည်းတန်း၊ မြေနီကုန်းတို့မှာ ဝေငှခဲ့ကြပါတယ်။

လက်ပတ် အဖြူရောင်တွေကို ကူညီ ဝေငှပေးခဲ့သူ ကျောင်းသူ တဦးဖြစ်တဲ့ ရွှေပေါ်မြတင် ကတော့ ရန်ကုန်က ပြည်သူတွေ လက်ပတ်တွေကို မကြောက်မရွံ့ လက်ခံခဲ့ကြတယ်လို့ ပြောပါတယ်။

"မကြောက်ဘူး အမ မကြောက်ဘူး တချို့ဆို အသာတကြည်နဲ့ကို ယူပါတယ်။ လက်မောင်းမှာ လက်ပတ်အဖြူတွေ ပတ်ပေးတာကို လက်ခံပါတယ်။ မကြောက်ပါဘူး သူတို့။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာနဲ့ပတ်သက်ပြီး ညီမတို့က ဒီလိုမျိုး အကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ ဒီလိုမျိုး လက်ပတ်ဖြူတွေက ငြိမ်းချမ်းရေးကို ဖော်ဆောင်ပါတယ်။ ညီမတို့ ကြွေးကြော်သံတွေ မပါဘူး။ ပြီးတော့ အလံတွေ ထူထားတာတွေလည်း မရှိဘူး။ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားတဲ့ လမ်းစဉ်တခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ သွားပြီးတော့ ပူးပေါင်းပါဝင်တာဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားတယောက်အနေနဲ့ သွားပြီး ပူးပေါင်းတာဖြစ်ပါတယ်။"

လက်ပံတန်းမြို့က ကျောင်းသားတွေ ထိုင်သပိတ်ကို အာဏာပိုင်တို့က လမ်းမပေါ်မှာ သတင်းတပတ်ကျော်ကြာ ပိတ်ထားခဲ့ပြီး ဒီလ ၁၀ ရက်နေ့မှာ အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက် နှိမ်နင်းမှု အတွင်း ကျောင်းသား၊ အရပ်သား၊ သတင်းထောက်၊ ရဟန်းသံဃာ စုစုပေါင်း တစ်ရာကျော်ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲက တချို့ကို အာဏာပိုင်တို့ ရွေးချယ်ပြီး ပြန်လွှတ်ပေးနေပေမယ့် တချို့ကိုတော့ ညတွင်းချင်း တရားရုံးထုတ် ပုဒ်မ ၅ ခုတပ်ပြီး ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အကြမ်းဖက်မှု ဆန့်ကျင်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု စတင် အကြမ်းဖက်မှု ဆန့်ကျင်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု စတင် Reviewed by သစ်ထူးလွင် on 03:57 Rating: 5
Powered by Blogger.