အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။
ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက် လိုက်ပါကူညီဆောင်ရွက်မယ့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“သူတို့ကို လက်ပံတန်းမြို့နယ်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/ ၂၀၁၅ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ ၅၀၅(ခ)တို့နဲ့ ရဲမှူး ဦးအုန်းမြင့်ကနေပြီး တရားလိုလုပ်ပြီးတော့ စွဲတာပါ။”
ဒီအမှုတွေနဲ့ပတ်သက်ပြီး ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒဆင့်အောင် နဲ့ ကိုမြတ်သူ ၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
ဒါ့အပြင် ဒီညနေပိုင်းမှာလည်း ၁၁ ဦးကိုလည်း ရုံးတင်ဖို့ရှိပြီး ဒီ ၁၁ ဦးကိုတော့ ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။
ရိုက်ကူး - ကောင်းထက်ကျော်
DVB TV - 25.03.2015
https://www.facebook.com/DVBTVNews
ကျောင်းသားသပိတ်က ၆၉ ယောက်ကို တရားစွဲပြီး ပြန်လည် ထွက်ခွာမှု မြင်ကွင်း (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
16:43
Rating: