သံတွဲ၊ မတ်လ ၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အသက် ရှစ်နှစ်အရွယ် ပထမတန်း ကျောင်းသူ တစ်ဦးအား မုဒိမ်းကျင့်ရန် ကြံစည်မှုဖြင့် အဒေါ်ဖြစ်သူက အသက် ၄၉ နှစ်အရွယ် အမျိုးသား တစ်ဦးအား ရဲစခန်းတွင် မတ်လ ၁ ရက်နေ့က အမှုဖွင့် တိုင်ကြားလိုက်သည်ဟု သိရသည်။
ယင်းအမှုအား သံတွဲမြို့နယ် ဂျိတ္တောနယ်မြေ ရဲစခန်းမှ အမှုအမှတ် (ပ)၁၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်ကာ ဒုရဲအုပ် စိန်မင်းသန်းမှ လက်ခံစစ်ဆေး ဆောင်ရွက်နေကြောင်း သံတွဲ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
ယင်းဖြစ်ရပ်မှာ သံတွဲမြို့နယ်ဂျိတ္တောနယ်မြေအပိုင် ကွင်းဝိုင်းကျေးရွာ အုပ်စု၊ မောင်ရွှေလေးကျေးရွာ ပင်လယ် ကမ်းစပ်တွင် ဖေဖော်ဝါရီလ ၂၇ ရက် နေ့ မွန်းလွဲတစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကလေးမလေးအား မေးမြန်းကြည့်ရာ ခေါင်းပု(ခ)တင်ထွန်းသည် အရက်များ မူးယစ်ကာ ပိုက်ဆံငါးရာ ပေးမယ်ဟု ပြောဆို၍ ကမ်းခြေသို့ ခေါ်ဆောင်ကာ ကမ်းခြေတွင်ခြေထောက်အား အတင်း ဆွဲလှဲခဲ့ကြောင်း။ ပြီးလျှင် ဘောင်းဘီတိုအား ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန်ကြိုးပမ်းစဉ် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ ခေါင်းပု(ခ)တင်ထွန်း (၄၉) နှစ်မှာ ထွက်ပြေးသွားခဲ့ကြောင်း ကလေးမ၏ အဒေါ် ဖြစ်သူက ပြောသည်။
“ ကလေးမလေး ပထမတန်း စာမေးပွဲဖြေဆိုနေတဲ့ အချိန်ဆိုတော့ စာမေးပွဲ ပြီးစီးအောင်စောင့်ဆိုင်းခဲ့ပြီး စာမေးပွဲပြီးစီးတဲ့ မတ်လ ၁ရက်နေ့မှာ ရဲစခန်းကို သွားရောက် အမှုဖွင့်တိုင်ကြားလိုက်ပါတယ်” ဟု ဆိုသည်။
တရားခံခေါင်းပု(ခ)တင်ထွန်းအား ရဲက ဖမ်းဆီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
နေဇော် / နိရဉ္စရာ
http://www.narinjara.com/burmese
ရှစ်နှစ်အရွယ် ပထမတန်းကျောင်းသူကို မုဒိမ်းကျင့်ရန် ကြံစည်မှုဖြင့် ရဲတွင် အမှုဖွင့်
Reviewed by သစ်ထူးလွင်
on
10:53
Rating:
