အိန္ဒိယနိုင်ငံတွင် မသမာသောနည်းဖြင့် ဖြေဆိုကြသည့် ကျောင်းသား ၆ဝဝ ထုတ်ပယ်ခြင်းခံရ


ပတ္တနာ မတ် ၂ဝ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မသမာသောနည်းဖြင့် ဖြေဆိုခဲ့ကြသည့် ဂရိတ်(၁ဝ) ကျောင်းသား ၆ဝဝ ခန့်ကို ကျောင်းမှ ထုတ်ပယ်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့သည်။

ကျောင်းသားမိဘများနှင့် ကျောင်းသားများ၏ သူငယ်ချင်းများက ကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ် ကျောင်းနံရံများမှ အဖြေများပါသော စာရွက်အပိုင်းအစ များပေးကာ စာဖြေရာတွင် မသမာသောနည်းလမ်းဖြင့် အကူအညီပေးနေခဲ့ကြသည်။ ထိုသို့မသမာသောနည်းလမ်းဖြင့် ကူညီ မှုပြုနေသည့် ကျောင်းသား မိဘများကို အင်ဒီးယန်းတီဗွီက ဗီဒီယိုမှတ် တမ်းတင်ရိုက်ကူးထားပြီး နိုင်ငံတစ်ဝန်း ထုတ်လွှင့်ပြသခဲ့သည်။

ဘီဟာပြည်နယ်တစ်ဝန်းရှိ အထက်တန်းကျောင်း ၁၂ဝဝ ကျော်တွင် ဂရိတ် (၁ဝ) ကျောင်းသားပေါင်း ၁ ဒသမ ၄ သန်းကျော်ဖြေဆိုကြသည်။ ဂရိတ် (၁ဝ) စာမေးပွဲအောင်မြင်မှသာ နောက်ထပ်အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်မည်ဖြစ်သဖြင့် ယင်းစာမေးပွဲသည် ကျောင်းသားများအတွက် အလွန်ပင်အရေးပါသည်။

စာမေးပွဲတွင် မသမာသောနည်းများဖြင့် ဖြေဆိုခဲ့သည့် ကျောင်းသားအရေအတွက် ရာနှင့်ချီရှိကြောင်း စာမေးပွဲအခန်းတာဝန်ကျ ဆရာ၊ ဆရာမများက ဆိုသည်။

''စာမေးပွဲမှာ မသမာတဲ့နည်းလမ်း နဲ့ဖြေဆိုတာတွေကို တားမြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျောင်းသားမိဘတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်''ဟု အိန္ဒိယအရှေ့ပိုင်းရှိ ဘီဟာပြည်နယ်၏ ပညာရေးဝန်ကြီးကဆိုသည်။

စာစစ်ဌာနကျောင်းများတွင် လုံခြုံရေးရဲများ တာဝန်ချထားသော်လည်း ကျောင်းသားမိဘများကို ပိတ်ပင်တားဆီးရန် မလွယ်ကူကြောင်း ရဲအရာရှိများကပြောသည်။ ကျောင်းသား မိဘ ၂ဝ ကျော်ကို ဖမ်းဆီးထားပြီး အချိန်အတော်အတန်ကြာသည့် အခါတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိများက ဆက်လက်ပြောကြားခဲ့သည်။

ကျောင်းသားများ စာမေးပွဲဖြေဆိုရာတွင် ရိုးသားမှုရှိရန် အထူးကြပ်မတ်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ပတ္တနာမြို့တရားရုံးချုပ်က ဘီဟာပြည်နယ်ရဲအရာရှိချုပ်ကို သတိပေးပြောကြားထားသည်။

စာမေးပွဲဖြေဆိုရာတွင် မသမာမှုများ တွေ့ရှိသဖြင့်စာစစ်ဌာန လေးခုကို နိုင်ငံ့ပညာရေးအာဏာပိုင်များက ဖျက်သိမ်းခဲ့သည်။ မသမာမှုဖြင့် ဖြေဆိုသော ကျောင်းသားများကိုလည်း စာမေးပွဲဖြေဆိုခွင့် သုံးနှစ်ပိတ် ပင်သည်အထိ အရေးယူနိုင်သည့် အပြင်ငွေဒဏ် (သို့) ထောင်ဒဏ်ချမှတ်နိုင်ကြောင်းသိရသည်။ အေပီ။

The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယနိုင်ငံတွင် မသမာသောနည်းဖြင့် ဖြေဆိုကြသည့် ကျောင်းသား ၆ဝဝ ထုတ်ပယ်ခြင်းခံရ အိန္ဒိယနိုင်ငံတွင် မသမာသောနည်းဖြင့် ဖြေဆိုကြသည့် ကျောင်းသား ၆ဝဝ ထုတ်ပယ်ခြင်းခံရ Reviewed by သစ်ထူးလွင် on 01:59 Rating: 5
Powered by Blogger.