အမျိုးသမီးနဲ့ ကလေးငယ် ၅၀၀ ကျော် ကို ဘိုကိုဟာရမ် ဖမ်းဆီး

မတ်လ ၂၄ ရက်နေ့မှာ နိုင်ဂျီးရီးယား စစ်သားတွေက စောင်တွေ ဝေငှနေတာကို စောင့်ယူနေကြတဲ့ Damasak မြို့က အမျိုးသမီးများ (Credit: Reuters) 
နိုင်ဂျီးရီးယားနိုင်ငံ ​Damasak ​မြို့က ​အမျိုးသမီးနဲ့ ​ကလေးငယ် ​အယောက် ​၅၀၀ ​ကျော်ကို ​ဘိုကိုဟာရမ် ​အဖွဲ့က ​ဖမ်းဆီးလိုက်တယ်လို့ ​သိရပါတယ်။

အဲဒီမြို့ကို ​ဘိုကို ​ဟာရမ် ​အဖွဲ့က ​သိမ်းပိုက်ထားပြီး ​ဒီလအတွင်းမှာပဲ ​ချက်တ်နိုင်ငံနဲ့ ​နီဂျဲ ​နိုင်ငံတို့ ​ပူးပေါင်းပြီး ​ဘိုကိုဟာရမ် ​လက်ထဲကနေ ​ပြန်ရယူနိုင်ခဲ့တဲ့မြို့ ​ဖြစ်ပါတယ်။

အဲဒီမြို့က ​ကုန်သွယ်ရေးသမား ​Souleymane ​Ali ​က ​ဘိုကိုဟာရမ်အဖွဲ့အနေနဲ့ ​အမျိုးသမီးနဲ့ ​ကလေးငယ် ​၅၀၆ ​ယောက်ကို ​ဘိုကို ​ဟာရမ်က ​ဖမ်းဆီးခဲ့တာဖြစ်ပြီး ​အဲဒီအထဲက ​၅၀ ​ကတော့ ​ဒီမြို့ကနေ ​မထွက်ခွာခင်မှာပဲ ​အသတ်ခံခဲ့ရတာလို့ ​ဆိုပါတယ်။

Mohamed ​Ousmane ​ဆိုတဲ့ ​ကုန်သွယ်ရေးသမား ​နောက်တစ်ယောက်ကလည်း ​သူ့ဇနီး ​နှစ်ယောက်နဲ့ ​ကလေး ​သုံးယောက်ကိုပါ ​ဘိုကိုဟာရမ် ​အဖွဲ့က ​ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ ​ပြောပါတယ်။

ဘိုကိုဟာရမ် ​အဖွဲ့ဟာ ​ဗလီကျောင်းကြီး ​တစ်ကျောင်းကို ​ဝိုင်းပြီးနောက် ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေကို ​ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​နိုင်ဂျီးရီးယား ​အစိုးရက ​တရားဝင်ပြောဆို ​ထားတာ ​မရှိသေးပါဘူး။

ဘိုကိုဟာရမ် ​အဖွဲ့ဟာ ​အရင်နှစ် ​ဧပြီလတုန်းကလည်း ​ကျောင်းသူ ​အယောက် ​၃၀၀ ​နီးပါးကို ​ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။

ဘိုကိုဟာရမ်ကို ​နှိမ်နင်းဖို့ ​ချက်တ်နိုင်ငံ၊ ​နီဂျဲ ​အစရှိတဲ့ ​အာဖရိက ​နိုင်ငံတွေ ​စုပေါင်းပြီး ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့ရာက ​တချို့နေရာတွေကို ​ပြန်လည် ​သိမ်းပိုက်နေပေမယ့် ​တဖက်မှာလည်း ​အခုလို ​ဖမ်းဆီးမှုတွေ ​ထပ်မံ ​ခံနေရတာ ​ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား ​နိုင်ငံမှာ ​အရင်လတုန်းက ​ရွေးကောက်ပွဲ ​ကျင်းပဖို့ရှိပေမယ့် ​အကြမ်းဖက်မှုတွေ ​များလွန်းတဲ့အတွက် ​ဒီလာမယ့် ​စနေနေ့မှာ ​ကျင်းပဖို့ ​ရက်ရွှေ့ဆိုင်းခဲ့ကြပါတယ်။

ဘိုကိုဟာရမ် ​အဖွဲ့ကတော့ ​ရွေးကောက်ပွဲ ​မဖြစ်မြောက်အောင် ​အစွမ်းကုန် ​လုပ်ဆောင်သွားမယ်လို့ ​ခြိမ်းခြောက်ခဲ့ဖူးသလို ​အကြမ်းဖက် ​တိုက်ခိုက်မှုတွေကိုလည်း ​ဆက်တိုက်ဆိုသလို ​ပြုလုပ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသမီးနဲ့ ကလေးငယ် ၅၀၀ ကျော် ကို ဘိုကိုဟာရမ် ဖမ်းဆီး အမျိုးသမီးနဲ့ ကလေးငယ် ၅၀၀ ကျော် ကို ဘိုကိုဟာရမ် ဖမ်းဆီး Reviewed by သစ်ထူးလွင် on 14:38 Rating: 5
Powered by Blogger.