ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးလာမှုအပေါ် ဘယ်လိုသုံးသပ်နေကြပြီလဲ … – သဘောထားအမြင်


"" ၁၀ ရက်နေ့က ဖမ်းဆီးမှုက ဥပဒေမဲ့ပဲလေ။ ဖမ်းချင်သလို ဖမ်းတာပဲ။ အဲဒီလို ဆိုတဲ့အခါ ကျတော့ ကျန်တဲ့ ကိစ္စတွေက ၁၀ ရက်နေ့နဲ့ယှဉ်ရင် အကင်းပဲလေ။ ဒါက ဥပဒေနဲ့ အညီ ဖမ်း တာမျိုး မဟုတ်တော့ဘဲနဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့် သလို ဖြစ်နေတာပေါ့။ ဒါကတကယ် ဒီမိုကရေစီရှိတဲ့ နိုင်ငံတွေမှာတော့ ဒါမျိုး မရှိသင့်ဘူးလေ။ တကယ်ဆို သူတို့ ဖမ်းမယ်ဆိုရင် ၀ရမ်းပါရမယ် . . .""

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်-ဗကသ ဒုဥက္ကဋ္ဌဖြစ်သူ ကိုအောင်မိုးထွန်း(ခ) ကိုမိုးထက် နေ အပါအ၀င် ကိုသီဟ၀င်းတင်၊ ကိုထက်ညီညီအောင်နှင့် မဟန်နီဦးတို့အား ရန်ကုန်မြို့ အလုံမြို့နယ်အတွင်း ဧည့်စာရင်း စစ်မည်ဟုဆိုကာ မတ်လ ၁၃ ရက်က ဖမ်းဆီးကာ သာယာဝတီသို့ ပို့ခဲ့ပြီးနောက် အစိုးရအနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့သည့်အတိုင်း ဧည့်စာရင်း အကြောင်းပြကာ ဖမ်းဆီးမှုများ ဖြစ် လာ နိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

ယခင် မဆလ၊ န၀တ၊ နအဖ အစိုးရ လက်ထက်များတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဧည့်စာရင်း ခေါင်း စဉ်ပြကာ ၀ရမ်းမပြဘဲ ဖမ်းဆီးမှုများ ရှိခဲ့ဖူးသည့်အတွက် ယခုကဲ့သို့ စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား ဧည့်စာရင်း အကြောင်းပြကာ ဖမ်းဆီးလာနိုင်ခြေ ရှိ၊ မရှိအပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကို စုစည်း၍ မြန်မာသံတော် ဆင့်က ဖော်ပြလိုက်ပါသည်။

MH-0025

● ဦးလှရွှေ (၆၂-၆၄ ကျောင်းသား ခေါင်းဆောင်ဟောင်း)

နောက်ထပ် ဖြစ်တာတွေကတော့ အထူးတလည် ပြောမနေပါ နဲ့တော့။ လက်ပံတန်း သပိတ်စခန်း ဖြိုခွဲမှုကြီးက တကယ် ပြောရမယ်ဆိုရင် ဒါဥပဒေမဲ့ လုပ်တာပဲလေ။ အဲဒီမှာ ဥပဒေမဲ့ လုပ်ပြီးပြီ ဆိုမှတော့ ကျန်တဲ့ ကိစ္စတွေက အဲဒါရဲ့အဆက်အနေနဲ့ လိုက်လုပ်တာပေါ့။ ရှေ့မှာက ရမ်းရမ်းကားကား လုပ်ပြထားတဲ့ အခါ ကျတော့ နောက်မှာ ရမ်းရမ်းကားကား လုပ်တာကတော့ ဒါထုံးစံပဲလေ။ အချုပ်ကတော့ တကယ်ပြောမယ် ဆိုရင်တော့ အခုဟန်နီဦးတို့၊ ဇန်ဇန်တို့ ဖမ်းတယ်ဆိုတဲ့ ကိစ္စတွေက ၁၀ရက်နေ့က ဖမ်းဆီးမှုရဲ့အဆက် တွေလေ။ ဒီလို သဘောထားဖို့ လိုတာပေါ့။ ၁၀ ရက်နေ့က ဖမ်းဆီးမှုက ဥပဒေမဲ့ပဲလေ။ ဖမ်းချင်သလို ဖမ်းတာပဲ။ အဲဒီလို ဆိုတဲ့အခါကျတော့ ကျန်တဲ့ ကိစ္စတွေက ၁၀ ရက်နေ့နဲ့ ယှဉ်ရင် အကင်းပဲလေ။ ဒါက ဥပဒေနဲ့အညီ ဖမ်းတာမျိုး မဟုတ်တော့ဘဲနဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်သလို ဖြစ်နေတာပေါ့။ ဒါက တကယ် ဒီမိုကရေစီရှိတဲ့ နိုင်ငံတွေမှာတော့ ဒါမျိုးမရှိသင့်ဘူးလေ။ တကယ်ဆို သူတို့ဖမ်းမယ်ဆိုရင် ၀ရမ်း ပါရမယ်။ ဧည့်စာရင်းကြောင့် ဖမ်းမယ်ဆိုရင် ဧည့်စာရင်းပုဒ်မအရ ၂၄ နာရီအတွင်း ပြန်လွှတ်ရမှာပေါ့။

● ဦးဂျင်မီ (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ကျွန်တော်ကတော့ ရှင်းရှင်းလေးပဲ ကျွန်တော် ပြောချင်တယ်ခင်ဗျာ။ ဖမ်းမယ်ဆိုရင်လည်း သတ်္တိရှိရှိ ဖမ်းပေါ့ဗျာ။ အဲဒီတော့ ဧည့်စာရင်းကို အကြောင်းပြပြီးတော့ ဖမ်းတယ် ဆိုတာကလည်း ဒါက အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတစ်ရပ် မဟုတ်ဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိဖို့တော့ လိုတယ်။ အဲဒီတော့ ဧည့်စာရင်းဆိုတဲ့ ကိစ္စကြီးကလည်း အမြဲတမ်း ပြောနေတာ။ ဧည့်စာရင်းဆိုတဲ့ ကိစ္စကြီးက ဗြိတိသျှ ကိုလိုနီ လက်ထက်က တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မြန်မာအချင်းချင်း သတင်းပြန်ပေး ဖို့အတွက် ထားထားတဲ့ ကိစ္စကြီးဗျ။ အဲဒီဧည့်စာရင်းကိစ္စကြီးက ထားကို မထားအပ်တော့ဘူး။ တစ်နည်းအားဖြင့် ဧည့်စာရင်းနဲ့ ပတ်သက်တဲ့၊ ဧည့်စာရင်း တိုင်ရမယ်ဆိုတဲ့ ဥပဒေ ရှိနေသေးတယ်ဆိုရင် တိုင်းပြည်မှာ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် တည်ငြိမ်တာတို့၊ အေးချမ်းတာတို့ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဗျ။ တည်ငြိမ် အောင် တိုင်းပြည်ကို အုပ်ချုပ်ထားတယ်လို့ အဓိပ္ပာယ် မထွက်ဘူး။ အဲဒီ ဧည့်စာရင်းကို အကြောင်းပြပြီးဖမ်းတဲ့ ကိစ္စကို ကျွန်တော်တို့က လုံးဝလက်မခံဘူး။

● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဒီဟာကတော့လေ ရှင်းနေတာပဲ။ တကယ့်ကို စွဲမယ်ဆိုရင် တခြားသူတွေကို စွဲလို့ရတာပဲ။ ရွေးပြီးစွဲသွားတယ် ဆိုတာကလည်း မေးခွန်းထုတ်စရာပေါ့။ အမှန်တော့ ဒီကျောင်းသားတွေက အဲဒီနေ့က အခင်းဖြစ် တဲ့ နေရာမှာလည်း ရှိမနေဘူးလို့ အန်တီသိရတယ်။ အဲဒီတော့ သက်သက်မဲ့ကို ဒါဟာ ဖိနှိပ်မှုတစ်ခုလားလို့ အန်တီ စိုးရိမ်မိတယ်။ ဒါကြောင့်မို့ အန်တီတို့က ဒီနေရာမှာ တရားဥပဒေ စိုးမိုးစေချင်တယ်။ တရားဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား ဘာအတွက် ဖမ်းတာလဲဆိုတာကို သူတို့ရဲ့ မိဘဆွေမျိုးတွေကို ဘယ်မှာ ဖမ်းထားတယ်၊ ဘာကြောင့် ဖမ်းထားတယ်၊ ဒါကို ပွင့်ပွင့်လင်းလင်း ပြောပေးရမယ်ပေါ့။ အခုလိုမျိုး လုပ်ရပ်တွေဟာ တပ်မတော် အစိုးရ လက်ထက်က လုပ်ရပ်တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူလူထု အနေနဲ့ သူတို့သိထားတဲ့ အစိုးရ ဟာ ရွေးကောက်ခံအစိုးရမှ ဟုတ်ရဲ့လားလို့ သံသယတွေလည်း ဖြစ် လာပြီအခုဆို။ ဒါကြောင့် ဒါတွေ ကို ဖြေဖျောက်ဖို့ဆိုလို့ ရှိရင်တကယ်ကို ရွေးကောက်ခံပြည်သူ့ အစိုးရပီပီ ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာ ထားတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောရမယ်။ နောက်ပြီး အပြစ်မရှိဘူးဆိုရင် အမြန်ဆုံး ပြန် လွှတ် ပေး သင့်တယ်ပေါ့။

နောက်ပိုင်း ဧည့်စာရင်းဥပဒေနဲ့ ထပ်ပြီး ဖမ်းဆီးနိုင်တယ်ဆိုပြီး စိုးရိမ်စိတ်တွေ ရှိတာကလည်းဒါက သဘာဝ ကျပါတယ်။ ဒီစိုးရိမ်မှုက အင်မတန် သဘာဝကျတယ်။ မဖြစ်နိုင်ဘူးဆိုပြီး အလွန်အမင်း စိုးရိမ်တာလို့ ပြောလို့ မရဘူး။ ဒါအင်မတန် သဘာဝကျတဲ့ စိုးရိမ်မှုပဲပေါ့။ ဒီလိုစိုးရိမ်မှုတွေကို ပပျောက်အောင် အစိုးရက သက်သေ ပြရမယ်။ မဟုတ်လို့ရှိရင် နစ်နာမှာက အစိုးရနဲ့ ပြည်သူ ယုံကြည်မှု ပျောက်ဆုံးခြင်း ဆိုတာရမယ်။ အဲဒီအခါ ကျရင် နစ်နာမှာက တိုင်းပြည်နစ်နာမှာပေါ့။

● ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

အဲဒီ ဧည့်စာရင်း ပြဿနာက မဆလခေတ်၊ န၀တ၊ နအဖ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံးမှာ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့တဲ့ကိစ္စ။ ဧည့်စာရင်းဆိုတာက ဥပမာဆိုကြပါစို့။ လူတစ်ယောက်၊ ဧည့်သည် ရောက် တယ်။ အဲဒီ ရောက်တဲ့ ဧည့်သည်ဟာ အခြားသော ရဲစခန်းတွေကနေပြီးတော့ ပြစ်မှုပုံစံ ၇၁ အရ အလိုရှိတဲ့ တရားခံပြေး၊ ရာဇ၀တ်ပြေးလား၊ ဒါမှမဟုတ် စစ်ပြေးလား ဆိုတာကို သိသာထင်ရှားဖို့အတွက် စစ်ဆေးရတာ။ တကယ်လို့ခင်ဗျား အိမ်မှာ ဧည့်သည်ရှိကြောင်းကို တိုင်ကြားမထားဘူးဆိုရင် ဘာမှဖြေရှင်းစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ဧည့်သည်ရောက်ကြောင်း တိုင်ကြားထားတဲ့ ဧည့်သည်ကို တက်ဖမ်းတယ် ဆိုတာကိုက ဒါမမှန်ကန်တဲ့ လုပ်ဆောင်ချက်ပေါ့။

အဲဒါက န၀တ၊ နအဖလက်ထက် တစ်လျှောက်လုံးမှာ ပြည်သူလူထု ကို နှိပ်စက်ဒုက္ခပေးခဲ့တဲ့ ဗိုလ်ခင်ညွန့်ရဲ့၊ ထောက်လှမ်းရေးတွေရဲ့အစီအစဉ်ပဲ။ အဲဒီတော့ အခု ဖမ်းမယ်ဆိုရင်လည်း ဗြောင်ပေါ့ဗျာ။ ၀ရမ်းနဲ့ဖမ်းပေါ့။ ဧည့်စာရင်းမတိုင်တဲ့ လူတစ်ယောက်ကို ဖမ်းခေါ်သွားခွင့် မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဧည့်စာရင်း မတိုင်တဲ့လူကို ရုံးခေါ်သမ္မန် စာလေးပေးပြီး မနက်ရှစ်နာရီထိုးမှ ခေါ်ပြီးတော့ တရားရုံးကို တင်ရမှာလေ။ အခုဟာက ဧည့်စာရင်း မတိုင်လို့ဆိုပြီး ဖမ်းတယ်ဆိုတာကိုက မဟုတ်ဘူးဗျ။ ဧည့်စာရင်း မတိုင်လို့ရှိ ရင် ညခေါ်သွားပြီးတော့ တစ်ညလုံး ရဲစခန်းမှာ ခြင်ကိုက်ခံဖို့ မဟုတ်ဘူး။

ဧည့်စာရင်းမတိုင်ရင် သူ့ရဲ့ နေရပ်လိပ်စာ မေးပြီးတော့ မနက်ကို ရဲစခန်းခေါ်၊ ပြီးတော့ ရုံးတင်ရမှာ။ အခုက ဧည့်စာရင်းမတိုင်လို့ ဖမ်းတယ်ဆိုတာကိုက တရားဥပဒေ ချိုးဖောက်တာ။ အဲဒါဥပဒေကြောင်းအရ မမှန်ကန်ဘူး။ လူ့အခွင့်အရေးကို ထိခိုက်စေတယ်။ လူတစ်ယောက်ကို ဖမ်းတယ်ဆိုတာ ၀ရမ်းပါရမယ်။ ၀ရမ်းမပါဘဲ ဖမ်းသွားမယ်ဆိုရင် ဥပဒေနဲ့ မညီညွတ်ဘူး။ အခုဟာက ဧည့်စာရင်း အကြောင်းပြပြီးတော့ ဖမ်းတယ်။ ဧည့်စာရင်းအရဆိုရင် ဖမ်းမသွားရဘူး။ လူကိုဖမ်းမသွားရဘူး။ ဧည့်စာရင်းကိစ္စကို အဲဒီလို လုပ်နေတာတွေ ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ။ နောက်တစ်ချက်က ဧည့်သည် ရောက်ရှိတဲ့ အချိန်ဆိုတာ ရှိသေး တယ်လေ။ ဘယ်အချိန်ကို ရောက်လို့လဲ။ ရောက်ရှိပြီး ၁၂ နာရီအတွင်း ဧည့်စာရင်း တိုင်လို့ရတယ်။ အဲဒါကို ဧည့်စာရင်းမတိုင်လို့ ဖမ်းတာကိုက မမှန်ကန်ဘူး။ ဒီမိုကရေစီ အစိုးရကြီးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်ချင်ရာ လုပ်နေတဲ့သဘောပဲ။

● ဒေါက်တာအာကာမိုးသူ (အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်)

အခုက ဧည့်စာရင်းမတိုင်လို့ ဆိုပြီးဖမ်းသွားတာ။ တကယ်ဆိုရင် ဧည့်စာရင်း မတိုင်လို့ ဖမ်းတယ်ဆိုရင် အလုံရဲစခန်းမှာပဲ ရှိရမယ်လို့ သိထားတာ။ အခုကမဟုတ်ဘူး။ ကျွန်တော်တို့ အချက် ၉ ချက် သဘော တူထားတဲ့ ဟာက နိုင်ငံတော်အဆင့် ဖြစ်တယ်။ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ဘက်က ပါသလို အုပ်ချုပ်ရေး ဘက်ဖြစ်တဲ့ သမ္မတ ရုံးဝန်ကြီးတွေလည်း ပါပါတယ်။ နောက်ပြီး ကျောင်းသားတွေ၊ ကျွန်တော်တို့ NNER က သက်သေအနေနဲ့ ပါဝင်လက်မှတ်ထိုး သဘောတူထားတာ ဖြစ်ပါတယ်။ အဲဒီ အချက်၉ချက်မှာ မည်သည့် အကြောင်းနှင့် မျှ ကျောင်းသားတွေကို ဖမ်းဆီးခြင်း မပြုပါဘူးဆိုတဲ့ သဘောတူညီချက်ပါသလို ၀န်းရံတဲ့ သူတွေကိုလည်း ဖမ်းဆီးခြင်း မပြုပါဘူးဆိုတဲ့ အချက်လည်း ပါပါတယ်။ ဒီလိုမျိုး နိုင်ငံတော်အဆင့် သဘောတူ ထားတဲ့အချက်တွေ ကို အုပ်ချုပ်ရေးက ချိုးဖောက်တာမျိုး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးလာမှုအပေါ် ဘယ်လိုသုံးသပ်နေကြပြီလဲ … – သဘောထားအမြင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးလာမှုအပေါ် ဘယ်လိုသုံးသပ်နေကြပြီလဲ … – သဘောထားအမြင် Reviewed by သစ်ထူးလွင် on 17:42 Rating: 5
Powered by Blogger.