ဦးရဲထွဋ်၏ ပြောကြား ချက်အရ ဆိုလျှင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှု သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ကျူးလွန်ရာ ရောက်နေ … ဦးရဲထွဋ်ကိုယ်တိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ညီလာခံတွင် တက်ရောက်ပါဝင်ခဲ့သူ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတွင်းလူထုများ တားဆီး အရေးဆိုလျက် ရှိနေသည့်ကြားမှ လူထုဆန္ဒကို လျစ်လျူပြုကာ တည်ရှိနေသော ဥပဒေ ပြဋ္ဌာန်းချက်များကို အသုံးပြု၍ အာဏာပိုင်များက ထိုဖြစ်စဉ်တို့ကို ပြုမူ လိုက်ခြင်းဖြစ်သည်။
မတ်လ ၅ ရက် ညနေပိုင်း၊ ရန်ကုန်မြို့တော် ခန်းမရှေ့၌ ကျောင်းသားသပိတ် စစ်ကြောင်းများကို ရဲတပ်ဖွဲ့ အင်အားသုံး အကြမ်းဖက် ဖြိုခွဲခြင်းမပြုရန် ဆန္ဒ ထုတ်ဖော်နေကြသည့် ကျောင်း သား ကျောင်း သူ ၅၀ ဦးခန့်နှင့် ၀န်းရံလျက်ရှိသော အခြားလူထု ၆၀ ဦးခန့်ကို အကြမ်းဖက်အင်အား သုံးဖြိုခွဲခဲ့သည်။ ရဲတပ်ဖွဲ့အင်အား ၅၀၀ ကျော်သာမက၊ မည်သူမည် ၀ါမသိရသော “တာဝန်စည်းကမ်း” စာတန်း လက်ပတ်နီ များဖြင့် အရပ်ဝတ် အင်အား ၃၀၀ ကျော်ကိုပါ အသုံးပြု၍ အကြမ်းဖက် ဖြိုခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ် ၏။…
လွှတ်တော်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆုံးဖြတ် ဆောင်ရွက်ရန်၊ ၄ ပွင့်ဆိုင် ဆွေးနွေးမှု ၌ တောင်းဆိုထားသော ရက်ထက် ကျော်လွန် ကြန့်ကြာနေမှုနှင့် ပြည်ထောင်စု အစိုးရ၏ ယုံကြည်မှု ပျက်ပြားစေသော ပြုမူချက်များကြောင့် ရပ်နားထားသည့် ပင်မကျောင်းသားသပိတ် စစ်ကြောင်း သည် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့သို့ အရောက်ပြန်လည် ချီတက်ရန် စတင်ခဲ့ကြ၏။ သို့သော် သပိတ် စစ်ကြောင်းမှာ လက်ပံတန်းမြို့ နယ်နိမိတ်မှပင် ထွက်ခွာခွင့် မရရှိခဲ့ပေ။ အမျိုးသမီး တပ်ဖွဲ့ဝင်များကို ရှေ့တန်း တင်ထားသော ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် သပိတ်စစ်ကြောင်း ကျောင်းသားများကို ၀န်းရံပိတ်ဆို့ တားမြစ်ခြင်း ခံလိုက်ရသည်။ ထိုသို့ တားမြစ် ပိတ်ဆို့ခံ ထားရသော ကျောင်းသား ကျောင်းသူများကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်းမပြုရန် မတ်လ ၃ ရက်နေ့ ညနေပိုင်း လက်ပံတန်း ဒေသခံလူထု၏ ဆန္ဒထုတ်ဖော်မှုမှ စတင်ကာ အခြားဒေသများ၌လည်း ကျောင်းသားများနှင့် လူထုအင်အား အသီးသီးက ဆန္ဒထုတ်ဖော်မှုများ၊ သဘောထား ထုတ်ဖော်မှုများကို ပြုလုပ်လာကြသည်။
ရန်ကုန်မြို့တွင်လည်း ဒေသခံကျောင်းသားများက လူထုဝန်းရံမှုဖြင့် မြို့တော်ခန်းမရှေ့၌ မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်လာသည်။ အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရာ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခံရခြင်းဖြစ်သည်။ ကျောင်းသား ကျောင်းသူအချို့၊ ၈၈ ငြိမ်း/ပွင့်မှ မနီလာသိန်း အပါအ၀င် ဆန္ဒထုတ်ဖော်မှုကို ၀န်းရံပေးခဲ့သူအချို့လည်း လက်ပတ်နီ အရပ်ဝတ်များ၏ အတင်းအဓမ္မ ချုပ်နှောင်မှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ထိုမတ်လ ၅ ရက်နေ့ ညနေပိုင်း ဖြစ်စဉ်တွင် လက်ပတ်နီဝတ် အရပ်ဝတ်လူများ၏ မလျော်ကန်သော ရိုင်းပျကြမ်းကြုတ်သည့် အပြုအမူများ၊ ရဲတပ်ဖွဲ့၏ ရိုက်နှက် နှိမ်နင်းမှုများဖြင့် ကျောင်းသားကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုကို ဖြိုခွဲခဲ့ခြင်းက အကျည်းတန်စွာ ထင်ရှား ပေါ်လွင်နေခဲ့သည်။
ယခုကဲ့သို့ လူထုအများ အရေးဆိုနေသည်ကို လျစ်လျူပြုကာ အကြမ်းမဖက်ရေး တောင်းဆိုနေသူများ အပေါ်ပင် အကြမ်းဖက်မှု ပြုခဲ့ခြင်းမှာ အာဏာပိုင်များ ပြောကြားလျက် ရှိသည့် နိုင်ငံတော် တည်ငြိမ်စေရန် အမှန်ရည်ရွယ်သော လုပ်ဆောင်ချက် ဖြစ်နိုင်ပါသလားဆိုလျှင် ..။
ပြီးခဲ့သည့် ၄ နှစ်တာကာလအတွင်းကို ပြန်ကြည့်လျှင် အကြောက်တရားဖြင့် ဖိနှိပ်မှုကို ငြိမ်ခံလာရသော လူထု၏ ပြန်လည်တွန်းလှန်လိုစိတ် အုံကြွနေပြီဖြစ်သော အခြေအနေ၊ တွန်းကန်ကျင့်ရနေပြီဖြစ်သော လူထု အင်အားစုများဖြင့် အတိမ်းအစောင်းမခံ ဖြစ်နေသော နိုင်ငံတွင်း အခြေအနေတွင် ယခုကဲ့သို့ ပြုမူလိုက်ခြင်းမှာ ဉာဏ်ရည်နိမ့်ပါးသော ဆင်ခြင်နိုင်စွမ်း မဲ့သူများသာ ပြုမူလောက်သည့် အပြုအမူဖြစ်သည်။
နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်း လက်တွေ့ ဆောင်ရွက်နေသူများ မဆိုနှင့်၊ သာမန်ပြည်သူများပင် ဝေဖန် ပိုင်းခြား နိုင်ကြသည့် ဖြစ်ပေါ်လာနိုင်ဖွယ် အကျိုးဆက်ကို အဆင်အခြင်မဲ့ ပြုမူလိုက်ခြင်းလား …၊ သို့မဟုတ် အာဏာပိုင်များဘက်မှ နောက်ကွယ် ရည်ရွယ်ချက်ရှိရှိ တမင်ဆောင်ရွက်သော မရိုးဖြောင့်သည့် သဘောကို ဆောင်နေသလော . . .။
မတ်လ ၅ ရက်နေ့၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းနေ့တွင်ပင် DVB သတင်းဌာန၏ မေးမြန်းမှု အပေါ် ဖြေကြား ချက်ရှိသည်။ တိုင်းဒေသကြီး အစိုးရနှင့် ပြည်နယ်အစိုးရများက ၎င်းတို့ဒေသ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ဆန္ဒပြဖြိုခွဲမှုတွင် မည်သူများဟု မသိရသော လက်ပတ်နီပတ် အရပ်ဝတ်များကို ပါဝင် အသုံးပြုခဲ့ခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို မေးမှသာရမည် ဖြစ်ကြောင်း ဟုဖြစ်သည်။
အလားတူပင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သာ မေးမြန်းရန် ပြောကြောင်း မတ်လ ၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။
သမ္မတရုံး ညွှန်ကြားရေးမှူးဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း အရေးအရာရှိလှသော နေရာ မဟုတ်ဘဲ အစိုးရ ကက်ဘိနက် အဖွဲ့ဝင်လည်း မဟုတ်။ သူ၏ ပြောကြားမှုမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ယေဘုယျမျှသာ ရှိပေမည်။ ထို့အတွက် ယခုကိစ္စအပေါ် ဦးဇော်ဌေး၏ ပြောကြားမှုများမှာ အရေးတယူပြု အခြေခံ ပြုလောက်စရာ စကားများ မဟုတ်သော်ငြား ပြည်ထောင်စု အစိုးရကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီး တစ်ဦးဖြစ်သလို အမြင့်ဆုံးသော အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်သည့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နေရာပေး ခံထားရသော ဦးရဲထွဋ်၏ ပြောကြားချက်ကမူ သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ကိုယ်စားပြုသော ပြောကြားမှုဖြစ်သည်။
ဦးရဲထွဋ်၏ ပြောကြားမှုတွင် ဤသို့ သဘောကို တွေ့ရသည်။ မတ်လ ၅ ရက်နေ့ ဖြစ်စဉ်မှာ သမ္မတနှင့် ပြည်ထောင်စု အစိုးရတို့နှင့် မသက်ဆိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့တွင် ထိုဖြစ်စဉ်အပေါ် တာဝန်မရှိကြောင်း ပြောကြား ချက်ဟု ဆိုရမည်။
ဦးရဲထွဋ်အနေဖြင့် ဤသို့ ပြောနိုင်သော အချက်တို့ကို ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။
နံပါတ်-၁၊ မတ်လ ၅ ရက်နေ့ အကြမ်းဖက်ဖြိုခွဲခံရသည်မှာ ပြည်ထောင်စု အစိုးရ၏ တိုက်ရိုက် အမိန့်ပေးမှုဖြင့်မဟုတ်။
နံပါတ်-၂၊ ဆန္ဒပြမှု ပြုလုပ်သည့် နယ်နိမိတ်တွင် အာဏာသက်ရောက်သော ပြည်ထောင်စုအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရ၏ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အမိန့်ဖြင့် ပြုလုပ်ခြင်း။
နံပါတ်-၃၊ မတ်လ ၅ ရက်နေ့ ဖြစ်စဉ် မပေါ်ပေါက်မီ တစ်ရက် မတ်လ ၄ ရက်နေ့တွင်ပင် တိုင်းဒေသကြီး အစိုးရက ၎င်းအာဏာသက်ရောက်သော နယ်နိမိတ်အတွင်း အလုပ်သမား သပိတ်ကို အလားတူ ဆောင်ရွက် ခဲ့သည့် ဖြစ်စဉ်ရှိခြင်းကြောင့် ကျောင်းသားအရေး တစ်ခုတည်းကို ယခုကဲ့သို့ ဆောင်ရွက်မှု မဟုတ်ခြင်း။
နံပါတ်-၄၊ မတ်လ ၅ ရက်နေ့ ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့က အုပ်ချုပ်ရေးပိုင်း၏ ဆောင်ရွက်မှုတွင် ပူးပေါင်း ပါဝင်ဖြစ်ခြင်း
စသည့် အချက်များကို အခြေပြုထားဖွယ်ရှိသည်။ ယင်းအချက်များအရ ဦးရဲထွဋ်၏ ပြောကြားချက်များမှာ ဟုတ်လောက်နီးနီး ထင်မြင်စရာရှိသည်။
သို့သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မတ်လ ၅ ရက်နေ့၊ ဆန္ဒပြမှုထက် ပိုမိုအင်အားကြီးသော၊ ပိုမိုပြင်းထန်သော၊ ပဋိပက္ခဖြစ်ဖွယ် အသွင်သို့ပင် ဆောင်သော ဆန္ဒပြမှုတို့ အများအပြား ဖြစ်ပေါ်ခဲ့ဖူးသည်။ မတ်လ ၄ ရက်နေ့ ရွှေပြည်သာမြို့နယ်မှ အလုပ်သမားသပိတ်ကို ဖြိုခွင်းမှုသည်ပင် ယခင်က အလုပ်သမား ကိစ္စများတွင် ဆောင်ရွက်လေ့ မရှိသော၊ မကြာမီကမှ ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာ ဖြေရှင်းရေး အဖွဲ့က အလုပ်သမားကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့်သာ ပြေလည်အောင် ဆောင်ရွက်ခဲ့ပြီး ထိုသို့ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုများ အကျယ်တ၀င့် ပြုလုပ်ပြီးနောက် မှ ပြုလုပ် ခဲ့သော ဆောင်ရွက် ချက် ဖြစ်နေခြင်းတို့က အကြောင်းပြချက် ဖြစ်စေရန် ဓားစာခံ ဆောင်ရွက်လိုက်ခြင်းဟု သင်္ကာ မကင်းစရာဖြစ်သည်။
ဆန္ဒပြမှု ပြုလုပ်သည့် နယ်နိမိတ်တွင် အာဏာ သက်ရောက်သော ပြည်ထောင်စု အဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရဖြစ်သည့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၉(ခ-၁)အရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စုတိုင်း ဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းထားပြီး ဖြစ်သည်မှန်သော်လည်း အခြေခံ ဥပဒေပုဒ်မ ၂၆၂(ဌ-၁၊ ၂)တို့အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ ၀န်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော် သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားချက်အရ လည်းကောင်း၊ ပုဒ်မ ၂၆၁ ( ခ၊ ဂ၊ ဃ၊ င)တို့အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်သည် ဖြစ်ခြင်းကြောင့်လည်းကောင်း အပြန်အလှန် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိနေသည်သာ ဖြစ်သည်။
ထို့ပြင် အခြေခံဥပဒေပုဒ်မ ၂၅၀ အရ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ တို့သည် ပြည်ထောင်စု အစိုးရကို ကူညီရန် တာဝန်ရှိသည်ဟုသာ ဆိုထားသည်။ အခြေခံဥပဒေ ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြု စာရင်း၁(စ) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ၁(ဆ) ရဲတပ်ဖွဲ့ ကိစ္စတို့မှာ ပုဒ်မ ၉၆ အရ ပြည်ထောင်စု လွှတ်တော်သည် ပြည်ထောင်စု တစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ် တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။ ဥပဒေပြုခွင့် ဆိုရာ၌လည်း ပုဒ်မ ၉၇၊ (က-၁)အရ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊ (က-၂) သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်များအား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်ဟု ပါရှိသည်။
ပြည်ထောင်စု လွှတ်တော်က အထက်ပါ ပြဋ္ဌာန်းချက်အတိုင်း ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြုစာရင်း ၁( စ၊ ဆ) တို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေး ၀န်ကြီးဌာနသို့ ဥပဒေပြု အပ်နှင်းထားပြီး ဖြစ်သည်။
ထို့အတူလည်း ယခု ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် နိုင်ငံတော် တည်ငြိမ်ရေးဟု အကြောင်းပြထားသော သတိပေး ကြေညာချက်ကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယင်းသတိပေး ကြေညာချက်သည် အထက်ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု တစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ် တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာ သက်ရောက်စေသည်။ အခြေခံဥပဒေ ပုဒ်မ ၂၄၉ အရ၊ တိုင်းဒေကြီး အစိုးရနှင့် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ သက်ရောက်ပျံ့နှံ့ခွင့် မပေးထားပေ။
မတ်လ ၅ ရက်နေ့ ညနေပိုင်း၊ ရန်ကုန်မြို့တော် ခန်းမရှေ့ ကျောင်းသား ကျောင်းသူ များ၏ ဆန္ဒပြမှုသည် ကျောင်းသား သပိတ်အရေးသာ ဖြစ်သည်။ ထို့အတွက် အထက်ပါ ဖော်ပြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာန၏ သတိပေး ကြေညာချက်အရ လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အာဏာသက်ရောက်မှုအတွင်းကိစ္စရပ်ဖြစ်သည်။
ယင်းကို တိုင်းဒေသကြီးအစိုးရက ကျော်လွန်ကာ ၎င်းသဘောတည်းဖြင့် လုပ်ဆောင်မရနိုင်ပေ။ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုမှုဖြင့်သာ ကူညီရန် တာဝန်ရှိသည့် အလျောက် ဆောင်ရွက်ခြင်းသာ ဖြစ်ရပေမည်။
ဦးရဲထွဋ် အင်္ဂလန်နိုင်ငံတွင် ယခင်နှစ်က လပိုင်းအချိန်မျှ သွားရောက်သင်ကြား ဆည်းပူးခွင့်ရစဉ် နိုင်ငံရေးသိပံ္ပ (Political Science) ဘာသာရပ်ဖြစ်သော ပြည်သူ့ရေးရာ စီမံခန့်ခွဲခြင်း (Administration)မှ အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံ (Oragnization of Administration) ၏ ဗဟိုချုပ်ကိုင်မှု အတိုင်းအတာ (Degrees of Centralization) အရ “အုပ်ချုပ်ရေး ကိစ္စများတွင် ဗဟိုလုပ်ပိုင်ခွင့် အာဏာနှင့် ထပ်နေပါက ပဋိပက္ခကိစ္စ၌ ဗဟိုကသာ အဖွဲ့ဝင် ပြည်နယ်များအပေါ် အာဏာလွှမ်းမိုးသည်” ဆိုသောအချက်ကို သင်ကြားခဲ့ရမည်လား မသိနိုင်ပေ။ သင်ကြားခဲ့ရပါက ဦးရဲထွဋ်အနေဖြင့် ထိုအချက်ကို ကောင်းစွာ နားလည်ပါလိမ့်မည်။
သို့သော် ဦးရဲထွဋ်၏ ပြောကြားချက်အရဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှုသည် ထိုအချက်နှင့် မကိုက်ညီသည့်အပြင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက် ကျူးလွန်ရာ ရောက်နေပေသည်။
ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် မတ်လ ၅ ရက်နေ့ ဖြစ်စဉ်၌ အုပ်ချုပ်ရေးပိုင်း၏ ဆောင်ရွက်မှုအပေါ် ပူးပေါင်း ပါဝင်သည် ဆိုရာတွင်လည်း၊ ရဲတပ်ဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး ရဲတပ်ဖွဲ့၏ အကြီးအကဲမှာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးလည်း ဖြစ်သည့် ရဲချုပ်ဖြစ်သည်။ ထိုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သည် အထက် ပြည်ထောင်စု အဆင့်၏ ခွင့်ပြုချက် မရရှိဘဲ ယခုကဲ့သို့ ကိစ္စရပ်မျိုးတွင် ၎င်းသဘောအလျောက် ပူးပေါင်း ပါဝင်ခွင့် ရှိနိုင်ပါမည်လား။
သို့ဖြင့် မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒပြ ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံနေသော လူထုကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲခြင်းတွင် နိုင်ငံတော် သမ္မတနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်းသာ ဆိုရပေမည်။
လိပ်ကို ကြမ်းပိုးဖြစ်အောင် မပြောပါနဲ့ . . . ဦးရဲထွဋ်။
အမှန်ဆိုလျှင် ထိုကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် အမှန်ကို ရှင်းရှင်းလင်းလင်း တွေးသိကြပြီး ဖြစ်ပါသည်။ သို့သော် ရှုပ်ထွေးလှသော ဥပဒေပြဋ္ဌာန်းချက်များကို ခုတုံးလုပ် လိုရာဆွဲသုံးကာ ပြုမူနေခြင်း ကြောင့် အထက်ပါ ဖော်ပြပြီးသကဲ့သို့ ရှုပ်ထွေးစွာသော ဥပဒေများကို ထုတ်နုတ် လိုက်ရခြင်းဖြစ်ပါသည်။ ဦးရဲထွဋ် ကိုယ်တိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ညီလာခံတွင် တက်ရောက် ပါဝင်ခဲ့သူဖြစ်သည်။
မတ်လ ၁၀ ရက်နေ့တွင်မူ လက်ပံတန်းမြို့တွင် ၀န်းရံပိတ်ဆို့ တားမြစ် ခံထားရခြင်းကြောင့် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သော် လည်း ပြေလည်မှုမရ ရှိသဖြင့် ဖောက်ထွက်ရန် ကြိုးပမ်းကြသော ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းမှ ကျောင်းသားထုအားလည်းကောင်း၊ လာရောက်ကူညီသော လက်ပံတန်း ဒေသခံများအားလည်းကောင်း၊ သံဃာတော်များ အားလည်းကောင်း ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက် ဖြိုခွဲကာ မသင့်လျော်သော ပြုမူ ဆောင်ရွက်ချက်များကို ပြုမူ ဆောင်ရွက်ကြ လျက် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် သံဃာ၊ ကျောင်းသား၊ လူထု ၁၀၀ ကျော်ကို ဖမ်းဆီး လိုက်ကြ သည်။ ထိုသို့ပြုလုပ်မှု တွင်လည်း ဥပဒေအရ ဆောင်ရွက်ခြင်းနှင့် တည်ဆဲ ဥပဒေများအရ ယခုကဲ့သို့ပင် ဆောင်ရွက် သွားဦးမည်သာ ဖြစ်ကြောင်း နိုင်ငံတော် တည်ငြိမ်ရေးကို အကြောင်းပြလျက် ရုပ်သံမှ ထို မတ်လ ၁၀ ရက်နေ့ ညတွင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားသော ဦးရဲထွဋ်၏ ကနဦး ပြောကြားချက်များကို သိလိုက်ရသည်။
ဦးရဲထွဋ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီး၊ သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူဖြစ်သည်။ ၎င်း၏ ပြောကြား ချက်များ၊ သဘောထားများသည် သမ္မတနှင့်တကွ ပြည်ထောင်စုအစိုးရ၏ သဘောထား မူဝါဒသာ ဖြစ်သည်။
လိပ်ကို ကြမ်းပိုးဖြစ်အောင် မပြောပါနဲ့ . . . ဦးရဲထွဋ်။
နိုင်ငံတော် တည်ငြိမ်ရေး အကြောင်းပြ၊ ယခုကဲ့သို့ ပြုလုပ်ခြင်းများအပေါ် ဆက်လက် ရေးသားရန်များ ရှိနေပါသေးသည်။
အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
လိပ်ကို ကြမ်းပိုးဖြစ်အောင် မပြောပါနဲ့ . . . ဦးရဲထွဋ် – အံ့ခေါင်မင်း
Reviewed by သစ်ထူးလွင်
on
10:51
Rating: