အင်ဒိုနီးရှား သရုပ်ပြလေယာဉ်နှစ်စင်း မလေးရှားတွင် တိုက်မိမှုဖြစ်ပွား


လန်ကာဝီ မတ် ၁၅

အင်ဒိုနီးရှားနိုင်ငံ ဂျူပီတာလေကြောင်းပျံသန်းမှု သရုပ်ပြအဖွဲ့၏ ကေတီ-ဝမ်းဘီ အမျိုးအစား လေယာဉ်နှစ်စင်းသည် ''၂ဝ၁၅ လန် ကာဝီအပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့်လေကြောင်းပြပွဲ''အတွက် ယနေ့ နေ့လယ်ပိုင်းက လေ့ကျင့်ပျံသန်းစဉ် ကောင်းကင်၌ တိုက်မိမှုဖြစ်ပွားခဲ့သည်။

လေယာဉ်မှူးများမှာ အသက်ဘေးမှ လွတ်မြောက်ရေးအတွက် ခုန်ထွက်နိုင်ခဲ့ကြကြောင်း၊ လေယာဉ်များ ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိ ပျဉ်ထောင်အိမ် နှစ်လုံးကို မီးစွဲလောင်ခဲ့ကြောင်း သတင်းများကဆိုသည်။

အဆိုပါဖြစ်ရပ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄ မိနစ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကေတီ-ဝမ်းဘီ လေယာဉ်ခြောက်စင်းတို့ အပြန်အလှန် ကန့်လန့်ဖြတ် ပျံသန်းလေ့ကျင့်စဉ် အဆိုပါ နှစ်စင်းတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လန်ကာဝီမီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း ဘနားမားသတင်းဌာနက သတင်းဖော်ပြသည်။

လေယာဉ်ကွင်း ပရဝဏ်၏ပြင်ပသို့ တိုက်မိလေယာဉ်နှစ်စင်း ပျက်ကျသွားခဲ့ပြီးနောက် မီးတောက်များနှင့်မီးခိုးများကို တွေ့မြင်ကြရသည်။

အဆိုပါလေကြောင်း မတော်တဆမှုဖြစ်ရပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ကာကွယ်ရေးဝန်ကြီးများ လန်ကာဝီတွင် နှစ်ရက်ကြာကျင်းပမည့် ဆွေးနွေးပွဲသို့ ရောက်ရှိလာရန် စီစဉ်ထားချိန်မတိုင်မီ နာရီအနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

(မလေးရှန်းအင်ဆိုက်ဒါ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်ဒိုနီးရှား သရုပ်ပြလေယာဉ်နှစ်စင်း မလေးရှားတွင် တိုက်မိမှုဖြစ်ပွား အင်ဒိုနီးရှား သရုပ်ပြလေယာဉ်နှစ်စင်း မလေးရှားတွင် တိုက်မိမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 03:19 Rating: 5
Powered by Blogger.