ကိုးကန့်ဒေသ စစ်ပွဲမှာ မပါဘူးလို့ UWSA ငြင်းဆို

ဝ လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (Photo: AFP)
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ  UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ တပ်ဖွဲ့တွေ ပါဝင်ခြင်းမရှိပဲ  UWSA အနေနဲ့ ဒီ စစ်ပွဲတွေမှာ ကြားနေရပ်တည်သွားမှာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တိုက်ပွဲတွေမှာ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့ကကိုးကန့်အဖွဲ့နဲ့အတူပူးပေါင်းတိုက်ခိုက်နေတာဖြစ်ကြောင်းကာကွယ်ရေး ၀န်ကြီးဌာနအရာရှိတွေက သတင်းစာရှင်းပွဲမှာ ပြောသွား ပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးUWSA၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ငြင်းဆိုပါတယ်။

"ကျနော်တို့ရဲ့ရပ်တည်ချက်မူကတော့ မထောက်ခံဘူး၊ အားမပေးဘူး၊ ကူညီမှုမပေးဘူး၊ ဒီသဘောရှိတယ်၊ ဒါကတော့ထုတ်ပြန်ကြေညာချက်ထဲမှာလဲ ထုတ်ပြန်ပြီးပြီလေ၊ နောက်တစ်ခုကတော့ဝသေနတ်ပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရုပ်ဝတ္တုလေး ကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာကတော့ မှန်သလား၊မှားသလားဆိုတာ မသိဘူး ပေါ့ဗျာ၊ ဒါကတော့ ခွဲခြမ်းစိတ်ဖြာရမှာပေါ့"

သတင်းစာရှင်းပွဲမှာ ကိုးကန့်အဖွှဲ့ထံက ဖမ်းဆီးရမိတဲ့ သေနတ်များဟာ  UWSA လက်နက်စက်ရုံက ထုတ်တဲ့ သေနတ်များဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ စီးပွားရေးသမားများရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံကလက်နက်တွေ ခိုးရောင်းတာမျိုး ဖြစ်နိုင်တယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။

မိုင်းလား အဖွဲ့ကလည်း ကိုးကန့်တပ်ဖွဲ့ကို ကူညီခြင်းမရှိဘူးလို့ ပြောနေပေမဲ့ ဖုံကြားရှင်ဟာ လောလောဆယ်မှာ သားမက်တော်သူ မိုင်းလား အဖွဲ့က ခေါင်းဆောင် ဦးစိုင်းလင်းနဲ့ အတူ မိုင်းလားမှာ နေထိုင်လျက်ရှိတယ်လို့ ပြောပါတယ်။

ကိုးကန့်နယ်က စစ်ပွဲနဲ့ပတ်သက်ပြီး KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ SSA/SSPP ရှမ်းပြည်တပ်မတော် ကလည်း သူတို့ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထား ပြီးဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/koekant-battle-without-uwsa-refute-02222015094857.html
ကိုးကန့်ဒေသ စစ်ပွဲမှာ မပါဘူးလို့ UWSA ငြင်းဆို ကိုးကန့်ဒေသ စစ်ပွဲမှာ မပါဘူးလို့ UWSA ငြင်းဆို Reviewed by သစ်ထူးလွင် on 21:37 Rating: 5
Powered by Blogger.