သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်းပြည်နယ်မှာ Marcia ဆိုင်ကလုန်း ဝင်ရောက်နေတဲ့အတွက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ၊ ရေကြီးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ဖြစ်နေပါတယ်။
မုန်တိုင်း အဆင့် ၅ ရှိတဲ့ ဆိုင်ကလုန်း Marcia ဟာ ဒီမနက်မှာပဲ Rockhampton မြို့နားကို ဝင်ရောက်ပြီး ပြင်းအားအနေနဲ့ တစ်နာရီကို လေတိုက်နှုန်း ၂၉၅ ကီလိုမီတာ အထိ ရှိခဲ့ပါတယ်။ ညတုန်းကပဲ အပြင်းထန်ဆုံးဖြစ်တဲ့ မုန်တိုင်း အဆင့် ၅ ကို ရောက်ရှိသွားတာပါ။
ဒါကြောင့် မုန်တိုင်း သွားလာနိုင်တဲ့ ဒေသက အိမ်ခြေ တစ်ထောင်ကျော်လောက်သာ အချိန်မှီ ပြောင်းရွှေ့နိုင်ပြီး တခြားလူတွေကိုတော့ အိမ်ထဲမှာပဲ နေဖို့ ပန်ကြားထားပါတယ်။
အိမ်ထဲမှာ နေရင်လည်း အလုံခြုံဆုံးလို့ ထင်ရတဲ့ နေရာမှာ ခိုလှုံဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
အခုလောလောဆယ် မုန်တိုင်း အဆင့် ၃ မှာ ဆက်လက်ရှိနေပြီး စိန်လောရင့်စ်နဲ့ အနီးအနား တစ်ဝိုက်ကို ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။
၂၄ နာရီအတွင်း မိုးတွေ အကြီးအကျယ် ရွာသွန်းနိုင်သလို လှိုင်းလုံးကြီးတွေ၊ လျှပ်တပြတ်ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အခုလောလောဆယ် ကွင်းစလန်းပြည်နယ် Gold Coast က ကမ်းခြေတွေကို ပိတ်ချထားသလို လမ်းတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။
Bungundarra မှာဆိုရင် ၉၀% သော သစ်ပင်တွေ ပြိုလဲကုန်သလို တချို့အိမ်တွေလည်း ပျက်စီး သွားတယ်လို့ သိရပါတယ်။
စာသင်ကျောင်းပေါင်း ရာနဲ့ချီကိုလည်း ပိတ်ချထားရသလို အိမ်ပြင်ထွက်လို့ ရပြီဆိုတဲ့ ကြေညာချက်တွေ မထွက်မချင်း အိမ်ပြင်ကို မထွက်ကြဖို့ သတိပေးထားပါတယ်။
မုန်တိုင်း ငြိမ်သက်သွားပြီ ဆိုတာနဲ့ အကူအညီပေးဖို့အတွက် စစ်သားနဲ့ တခြား ပြည်နယ်က အရေးပေါ် အမှုထမ်းတွေကလည်း အဆင်သင့် စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-20/1417215
Marcia မုန်တိုင်းကြောင့် ပျက်စီးမှုနဲ့ မီးပြတ်တောက် မှုဖြစ်နေ
Reviewed by သစ်ထူးလွင်
on
17:09
Rating: