ISIS က ကလေးငယ်များကို စစ်ရေးလေ့ကျင့်ပေးနေ


အိုင်စစ် က အသက် ၅နှစခန့်အရွယ်မှစ၍ ကလေးငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည့် ၀ါဒဖြန့်ဗီဒီယိုတခုကို ထုတ်လွှင့်ခဲ့သည်။ ၉ မိနစ်ကြာအဆိုပါဗီဒီယိုတွင် အာလ်ဖရုခ်စစ်သင်တန်းကျောင်းအမည်ရ သင်တန်းကျောင်း၌ သင်တန်းဆရာ၏ သင်ပြမှုကို နာယူနေသည့် ပြောက်ကျားအိင်္ကျီဝတ်ကလေးငယ်များ အာရေးဘီယားဂီတနောက်ခံတွင် အလံကို မြောက်ကိုင်နေပုံမျာ၊ သင်တန်းဆရာ၏အမိန့်အတိုင်း သတိဆွဲကြပုံ၊ မေးခွန်းများကို တညီတညာတည်း ဖြေကြားကြပုံ၊ သင်တန်းဆရာက သေနတ်အရှေ့ချ၍ ၀တ်ပြုသည့်အတိုင်း တန်းစီဝတ်ပြုပုံများ ကြောချမ်းဖွယ်ရာ မြင်တွေ့ရသည်။

ကလေးစစ်သားစုဆောင်းမှုသည် စစ်ရာဇ၀တ်မှုမြောက်သော်လည်း အိုင်စစ်တို့သည် ကလေးငယ်များအား ၎င်းတို့၏ဂျီဟတ်အတွက် သင်ကြားမွေးမြူနေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

အိုင်စစ်နှင့်ဆက်စပ်မှုရှိသော လူမှုကွန်ယက်အကောင့်များပေါ်တွင် သေနတ်နှင့်ဟန်လုပ်နေသော ကလေးများ၊ ခေါင်းပြတ်ကို ကိုင်မြှောက်နေသည့် ကလေးများ၏ဓါတ်ပုံများ တင်ထားသည်ကိုလည်း တွေ့ရသည်။ အသက် ၁၅နှစ်အောက် ကလေးငယ်များကို ၎င်းတို့အစွန်းရောက်အယူအဆများ သွတ်သွင်းရန်အတွက် အထူးသင်တန်းကျောင်းများ ဖွင့်လှစ်ထားသည်ဟု သတင်းများအရ သိရသည်။ သင်တန်းသားကလေးငယ်များကို သေနတ်အသုံးပြုနည်း၊ ကစားစရာအရုပ်များဖြင့် ခေါင်းဖြတ်နည်းသင်ကြားပေးခြင်းများရှိသည်ဟု ဆိုသည်။

“ကလေးတွေကို AK-47 သုံးနည်းတွေ သင်ပေးတယ်၊ ကစားစရာအရုပ်တွေနဲ့ ခေါင်းဖြတ်နည်းတွေ သင်ပေးတယ်၊ ပြီးရင် တကယ့်ခေါင်းဖြတ်သတ်တာတွေကိုလည်း ကြည့်ခိုင်းတယ်၊ တခါတလေ ကလေးတွေကို အကြောက်တရားကင်းမဲ့သွားအောင် ခေါင်းပြတ်တွေကို ကိုင်ခိုင်းတယ်”ဟု အီရတ်လုံခြုံရေးအရာရှိတဦးက NBC News ကို ပြောသည်။

အိုင်စစ်တို့က ရက္ကာမြို့ကို မြို့တော်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကလေးငယ်များအား အဓ္ဓမတပ်သားစုဆောင်းမှုရန်ကြောင့် အနီးဝန်ကျင်းရှိ မိသားစုများ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ရှိကြောင်း သိရသည်။ အသက် ၁၃နှစ်အရွယ် သားငယ် သင်တန်းတတ်ရောက်ခြင်းကို တားမြစ်သဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည်ဟု ဖခင်တဦးက ပြောသည်။ အိုင်စစ်တို့သည် ကလေးငယ်များကို အစွန်းရောက်ဝါဒ သွတ်သွင်းနေခြင်းသာဖြစ်ကြောင်း၊ မိခင်ဖြစ်သူက ကစားစာရာအရုပ်တခုနှင့် မီးဖိုချောင်သုံးဓါးတချောင်းကို ၎င်း၏သားငယ်ထံမှ တွေ့ရှိကြောင်း ၎င်းက ပြောသည်။

Ref ; Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ISIS က ကလေးငယ်များကို စစ်ရေးလေ့ကျင့်ပေးနေ ISIS က ကလေးငယ်များကို စစ်ရေးလေ့ကျင့်ပေးနေ Reviewed by သစ်ထူးလွင် on 14:45 Rating: 5
Powered by Blogger.