ရန်ကုန် ဖေဖော်ဝါရီ ၁၆
ယနေ့ ည ၇ နာရီ ခွဲခန့်က ကြည့်မြင်တိုင်မြို့နယ်အပိုင် လှိုင်မြစ်တစ်ဖက်ကမ်းရှိ ဘလုတ်ညွန့် ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးငြှိမ်းသတ်ရေး ယာဉ်ကြီးများကို လှိုင်မြစ်အရှေ့ဘက်ကမ်းတွင် ထားခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များက အပေါ့စားမီးသတ်စက်ငယ်များဖြင့် ကနဦးငြှိမ်းသတ်ပေးခဲ့ရသည်။
လှိုင်သာယာမြို့နယ်ဘက်မှ မီးငြှိမ်းသတ်ရေးယာဉ်များ ဝင်ရောက်ချိန်တွင် လောင်စာအားကောင်းစေသော ဝါး၊ ဓနိအိမ်အများစုဖြစ်၍ မီးတောက်အား အလွန်ကြီးမားနေကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး၏ အဆိုအရ Level 3 အထိ မီးသတ် ယာဉ်များ လွှတ်ခဲ့ရကြောင်း၊Level 3 အရ မီးငြှိမ်းသတ်ရေး ယာဉ်အစီး ၄ဝ ခန့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ၎င်းက လှိုင်သာယာဘက်အဝင်တွင် တံတားငယ်တစ်စင်း ကျိုးနေသည့်အတွက် အခက်အခဲများ ရှိခဲ့ကြောင်း ဆိုသည်။
မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုကြောင့် လောင်အားအလွန်ကောင်း နေခဲ့သော မီးမှာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးညွန့်မီးစွယ်ကျိုး သွားခဲ့ပြီး ည ၉ နာရီ ၇ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှု ဖြစ်စဉ်အား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
(တင်ဝင်းလေး-ကြည့်မြင်တိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဘလုတ်ညွန့်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
02:45
Rating: