စည်ဗြောသံ တညံညံဟိန်းစေဖို့


ကြေးကြိုးသားရေလေလက်ခုပ်ဟူ၍ ငါးပါးသော တူရိယာတို့ဖြင့် ဖွဲ့စည်းထားသော မြန်မာ့ယဉ်ကျေးမှု အနုပညာသည် မြန်မာ့သမိုင်းနှင့်အတူ ယနေ့တိုင် ယှဉ်တွဲလိုက်ပါလျက်ရှိသည်။ ထိုအထဲမှ ရွှေနန်းတော် သုံး ဆိုင်းတော်ကြီးမှ တောင်တန်းကျေးလက် လယ် ကွင်း စစ်တလင်းအထိ အသုံးပြုကြသည့် သားရေတူရိ ယာမျိုးဖြစ်သော ဗုံ၊ အိုးစည်၊ ဒိုးပတ်၊ ဗြော အစရှိသည့် တူရိယာများကို ရှေးကထုတ်လုပ်မှုနည်းစဉ်အတိုင်း လက်မှု ပညာသက်သက်ဖြင့် ယနေ့တိုင်ထုတ်လုပ်နေဆဲဖြစ်သည်။

မြန်မာဘုရင်များ လက်ထက်က နင်းကြမ်းဟု ခေါ်ဝေါ် ခဲ့ရာဒေသ၊ ပေမုံနမှ ပျဉ်းမနားဟုပြောင်းလဲလာခဲ့ သော ယနေ့ နေပြည်တော်ကောင်စီနယ်မြေ၏ အရှေ့ ဘက် တောင်တန်းများတွင် ရှေးယခင် ဘိုးစဉ်ဘောင် ဆက်ကပင် ပေါများလှသော သစ်တောကြီးများကို အခြေပြု၍ အိုးစည်ဗုံအစရှိသော တူရိယာပစ္စည်းများ ထုတ်လုပ်ရင်း၊ တောင်ယာစိုက်ခင်းများ စိုက်ပျိုးရင်း အသက်မွေး ရပ်တည်သူဒေသခံများရှိခဲ့သည်။ ထိုအချိန် က ဤဒေသ ဤတောကြီးများတွင် သစ်ပင်ကြီးများ ပေါများလှပေရာ ဘုရင့်ရေတပ်မတော်အတွက် စစ်သုံး တိုက်လှေကြီးများကို ထွင်းထုထုတ်လုပ်ပေးခဲ့သည်ကို ဤဒေသဝန်းကျင် မြစ်ချောင်းသောင်ပြင်နှင့် မြေအောက်မှ စစ်သုံးလှေကြီးများ မကြာခဏတူးဖော်တွေ့ရှိခြင်းကို ထောက်၍ သိနိုင်ပေသည်။

ထိုအချိန်က တူရိယာလက်မှု ပညာသည်တို့ကလည်း ကြီးမားလှသော စစ်သုံးတိုက်စည်တိုက်မောင်းကြီးများ ထွင်းလုပ်ခဲ့ကြပေလိမ့်မည်။ ယနေ့အချိန်တွင်တော့ သစ်တောကြီးများမရှိတော့၍ သူတို့ ကုန်ကြမ်းရယူပုံကို လည်း ပြောင်းလဲကာ ဆက်လက်လုပ်ကိုင် ရပ်တည်နေ ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အတွင်းရှိ ငွေဓုကျေးရွာကလေးတွင် မြန်မာ့ရိုးရာဆိုင်းဝိုင်း သုံး သားရေတူရိယာများဖြစ်သော ဗုံ၊ ခြောက်လုံးပတ်၊ ပတ်မစခွံ့ အစရှိသည်တို့အပြင် တိုင်းရင်းသားတို့၏ ရှမ်းအိုးစည်၊ ဓနုအိုးစည်ကြီးများမှစ၍ ကလေးကစားစရာ အိုးစည်၊ ဗုံကလေးများအထိ ထုတ်လုပ်ကြသည်။ ကုန်ကြမ်း ဖြစ်သော သစ်ကို တောင်ပေါ် ကွမ်းခြံများမှ ရယူသည်။ တောင်ပေါ်ကွမ်းရွက်စိုက်ခင်းများမှာ ကသစ်ပင်ကိုစိုက်၍ ကြီးပြင်းလာသောအခါ ကွမ်းရွက်ပင်ကို ကသစ်ပင် ပေါ်သို့တင်၍ စိုက်သည်။ ကသစ်ပင်အိုသောအခါ ကွမ်းရွက်လည်းမကောင်း ခူးဆွတ်ရန်လည်း မလွယ် တော့။ ထိုအခါက ကသစ်ပင်အိုခုတ်လှဲ၍ အပင်သစ် အစားထိုးရသည်။ ဤသို့ ကွမ်းခြံများမှ ခုတ်ပယ်သော ကသစ်ပင်များကိုယူ၍ အိုးစည်၊ ဗုံတို့ ထွင်းထုကြရသည်။ '' ပိတောက် ၊ ကုက္ကို၊ သရက်၊ သင်္ကန်း၊ လက်ပံ၊ ဒီးဒူး အစရှိသဖြင့် လုပ်လို့ရတဲ့သစ်အမျိုးအစားတွေ အများ ကြီးရှိပါတယ်၊ ဒါပေမယ့် ဒီသစ်တွေကအခုမရှိတော့ဘူး။ တောင်ပေါ်ကွမ်းခြံတွေက ကသစ်သားပဲ ရနိုင် တော့တယ်၊ ကသစ်ပင်ကို ပိုင်းဖြတ် ပုံကြမ်းလောင်းတာ တွေကို တောင်ပေါ်မှာလုပ်ပြီးတော့မှ အောက်ကိုသယ် ယူလာပြီး ဒီမှာအချောလုပ်တယ်''။

'' ပုံကြမ်းလောင်းထားတဲ့ အိုးစည်ကို လက်ဆွဲ ပွတ်ခုံခြေနင်းပွတ်ခုံတွေနဲ့ ပွတ်စားပြီး အရိုးရှည် ဓားကောက်နဲ့ အတွင်းချောဆေးသုတ်ပြီးတဲ့အခါ အိုးစည်ကိုရပါပြီ၊ စည်မျက်နှာပြင်ကိုတော့ နွားသား ရေနဲ့ကြက်ရပါတယ်'' ဟု မိသားစုလိုက် လုပ်ငန်းလုပ်ကိုင် နေသူ ဦးကျော်ဝင်းက ပြောပြသည်။ စည်မျက်နှာကြက် ရာတွင်လည်း နွားသားရေကို ကြိုးထိုး၍ လှပခိုင်ခံ့ အနုပညာမြောက် ထုတ်လုပ်ကြသည်။ ကုန်ချောပစ္စည်း များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့သည်။

''ကြီးမားတဲ့ အိုးစည်ကြီးတွေက တစ်လုံးကို ငွေကျပ် ၂ဝဝဝဝ ကျော်ကနေ ငွေကျပ် ၁၅ဝဝဝဝ ကျော် အထိ တန်ကြေးရှိပါတယ်။ ကလေးကစားစရာ အိုးစည် ကလေးတွေကတော့ တစ်လုံးကို ငွေကျပ် ၂ဝဝဝ အထိ အစားစားရှိပါတယ်။ အမြတ်အစွန်းဆိုရင်တော့ အဖိုး လည်းလုပ်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်အဖေ၊ အခု ကျွန်တော့်အသက် ၆ဝ ကျော်ရှိပြီ။ မိသားစုရပ်တည် နေနိုင်ရုံပါပဲ၊ ငွေကြေးမြှုပ်နှံနိုင်ဖို့ မလွယ်ကူတော့လည်း ပွဲစားနဲ့ပဲ ရောင်းရတာပေါ့'' ဟု ပြောပြခဲ့သည်။

ရှမ်းရိုးမက အိုးစည်သံတို့သည်လည်းကောင်း၊ မြေပြန့်မှ ဒိုးပတ်သံ၊ အိုးစည်သံ ၊ ဗြောသံတို့သည်လည်း ကောင်း တညံညံမြည်ဟိန်းနေဆဲပင်။ ထိုသံစဉ်တို့ ပျံ့လွင့်နေသရွေ့ ထိုတူရိယာတို့ကိုဖက်တွယ်ရင်း ထုတ် လုပ်ပေးနေပေဦးမည်၊ ကျယ်ပြန့်ခိုင်မာသော ဈေးကွက် နှင့်အရင်းအနှီး၊ ခေတ်မီနည်းပညာများကတော့ ခပ်ဝေးဝေးမှာသာ ရှိနေပေသေးသည်။

သတင်းဆောင်းပါး -ကိုကိုနေ
ဓာတ်ပုံ-ကိုမျိုး (ရွှေပေါက္ကံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

စည်ဗြောသံ တညံညံဟိန်းစေဖို့ စည်ဗြောသံ တညံညံဟိန်းစေဖို့ Reviewed by သစ်ထူးလွင် on 04:30 Rating: 5
Powered by Blogger.