ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခြင်း-ချမ်းမြေ့ခိုင်၊ သူရိန်ကျော်


ကျောင်းသားသပိတ်ရပ်ရေး လှည့်ကွက်တွေသုံးနေသလား

အစိုးရက ဘယ်အဆင့်မှာမှ စိတ်ချယုံကြည်စရာ မကောင်းတဲ့ အစိုးရပါ. . . ဒီအတွက်လည်း လမ်းပေါ် ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရတာဖြစ်တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသား ပညာရေးဥပဒေ ပြောင်းလဲရေး ဆန္ဒပြကျောင်းသား သပိတ်ကို တုံ့ပြန်ဆန္ဒပြမှုများ သဘောထား ကွဲလွဲမှုများကို အစိုးရအာဘော် သတင်းစာများမှ နေ့စဉ်ဆိုသလို ဖော်ပြလျက်ရှိ သည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ် အမျိုးဘာသာသာ သနာ စောင့်ရှောက် ရေး အဖွဲ့(ဗဟို) တို့၏ ထုတ်ပြန်ချက်များအပြင် သီတဂူ ဆရာတော်၏ နှစ်ဖက် စလုံးသို့ ပန်ကြားလွှာများ အနက်မှ ကျောင်းသားများသို့ ပန်ကြားလွှာ ကိုသာ ဖော်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မဘသ(ဗဟို)၏ ထုတ်ပြန်ချက်အပေါ် ရွှေဝါရောင် ဆရာတော်မှ“ “ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်၊ နောက် တစ်ခုက အစိုးရကထုတ်တဲ့ အမျိုးသားပညာရေး ဥပဒေနဲ့အပြိုင် ဖြစ်နေတာဆိုတော့ ဦးဇင်းတို့က ကန့်ကွက်တာ မဟုတ်ပါဘူး။ သူတို့ကဒါကို အထင်သေးပြီးတော့ ပညာရှင်နဲ့ တိုင်ပင်ပြီးမှ ထုတ်ပြန် သင့်တယ်””ဟုမြန်မာ သံတော်ဆင့်သို့ မိန့်သည်။…

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဆရာ ဆရာမများ ကျောင်းသားကျောင်းသူ များ၏ သဘောထား ထုတ်ပြန်ချက် အပေါ်တွင်လည်း ၁၅ ဦး ကော်မတီဝင် မဖြိုးဖြိုးအောင်က ““ရေဆင်းတက္ကသိုလ် ကိစ္စကလည်း ကျွန်မတို့ သိရသလောက် ကျောင်းသားတွေရဲ့ သဘောထား မဟုတ်ဘဲနဲ့ ပါချုပ်တွေနဲ့ ကျောင်းအာဏာပိုင်တွေက လုပ်တယ်လို့ ပထမ တစ်ခါကလည်း သိထားပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးပွဲကို ရန်ကုန်စီးပွားရေး တက္ကသိုလ် ပင်မဆောင်ခန်းမတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ရာ ပါမောက္ခများ၊ ကထိကများ၏ ထောက်ပြ ပြောဆို ချက်များသည် ရေဆင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်များနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။

သို့သော် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးကမူ ဆွေးနွေးပွဲ ပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို““ကြေးမုံသတင်းစာမှာ ပြည်သူတွေ အကြံပြုရန်အတွက် ပါရှိသောကြောင့်ဆရာ၊ ဆရာမတွေ ဖတ်ပါတယ်။ ပြင်ဆင်စရာတွေ ရှိတာကြောင့် မိမိရဲ့မေတ္တာနဲ့ သစ္စာတရားကို ယုံကြည်ပြီး ဒီအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပထမနှစ်ကျောင်းသူ မသက်စုနှင်းမှလည်း ကျောင်းသားသမဂ္ဂအလံနှင့် ပတ်သက်၍ ““ကျောင်းသားသမဂ္ဂ အလံသည် ပါတီနှင့် မသက်ဆိုင်ကြောင်း၊ ၁၉၃၆ အလံဖြစ်ကြောင်း၊ ၁၉၈၈ NLD ပေါ်လာသည့် နောက်ပိုင်းတွင် NLD က ကျောင်းသားသမဂ္ဂကို ဂုဏ်ပြု၍ အလံကိုပြင်ဆင်ပြီး ယူသုံး ခဲ့ခြင်းဖြစ်ကြောင်း၊ NLD နှင့် ကျောင်းသား သမဂ္ဂ မဆိုင်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် အစိုးရ အပါအ၀င် ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးစဉ် လွှတ်တော်သို့ တင်ပြရန် သဘောတူညီခဲ့သည့် ဥပဒေကြမ်းဖြစ်သည်။

ယင်းသို့ တုံ့ပြန်ဆန္ဒပြမှုများ ဆွေးနွေးမှုများ၊ ထင်ယောင်ထင်မှား ၀ါဒဖြန့်မှုများနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ၁၅ ဦး ကော်မတီဝင် မင်းသွေးသစ်နှင့် မေးမြန်းခဲ့ပါသည်။

မေး – တန်ပြန် ဆန္ဒပြမှုတွေ တန်ပြန်ထုတ်ချက်တွေနဲ့ ပက်သက်ပြီး ကျောင်းသားတွေအပေါ် တုံ့ပြန်နေတဲ့ အပေါ် ဘယ်လိုသဘောရလဲ။

ဖြေ- ကျွန်တော်တို့ ဒီကိစ္စက တန်ပြန်ဆန္ဒပြတဲ့ပွဲတွေ တော်တော်များများက အစိုးရ စီစဉ်သလို ဖြစ်နေတယ်၊ တချို့ အကြောက်တရား မကုန်သေးတဲ့ ပါမောက္ခချုပ်တွေကို အစိုးရက တရားမ၀င် ဖိအားပေးတာပေါ့လေ။ တရားဝင်တော့ မဟုတ်ဘူး။ သူတို့မေးရင်တော့ ငြင်းမှာပဲ တရားမ၀င် ဖိအားပေးပြီးတော့ ဒီလို လုပ်ခိုင်းတယ်လို့ ကျွန်တော်တို့က မြင်တယ်။ တကယ်တမ်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကျောင်းသားထုရဲ့ဆန္ဒကို ချပြချင်တယ် ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေးခေါ်ပါ ကျောင်းမှာ ဒီဥပဒေကို မကြိုက်ပါဘူး ဆိုသူတွေက တစ်ဖက် ဒီဥပဒေတွေ ကိုတောင်းဆိုနေ တဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားတွေက တစ်ဖက် အဲဒီနှစ်ဖက် အများမြင်သာတဲ့ မီဒီယာတွေပါခေါ်ပြီး အများရှေ့မှောက်မှာ ဥပဒေကိစ္စ ကျေကျေလည်လည်နဲ့ ရှင်းပြီးမှာ အဲ့ဒါဆို အစိုးရ လုပ်ဆောင်ချက်ကို ကျွန်တော်တို့ ထောက်ခံမယ်။ အခုကတော့ နှစ်ဖက် မမျှတဲ့ပွဲကိုပါ တရားမ၀င် လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော့် အနေနဲ့ အဲ့ဒါပေါ်မှာ အစိုးရက အောက်တန်းကျတယ် လို့ပဲ မြင်ပါတယ်။

မေး – တန်ပြန်ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ကော အစ်ကိုတို့ ကျောင်းသားထုအနေနဲ့ ဘယ်လို သဘောရှိသလဲ။

ဖြေ – အမှန်က ကျောင်းသားထုရဲ့ ဆန္ဒကောက်ခံတဲ့ဥစ္စာ ကျွန်တော်တို့ ဒီဥပဒေ မူကြမ်းအဆင့် ထွက်လာတဲ့ အချိန်တည်းကိုက လွှတ်တော်မှာ မဆွေးနွေးခင်ကတည်းက ကျွန်တော်တို့ ကျောင်းသားထုရဲ့ သဘောဆန္ဒကို ရယူပါလို့ အစိုးရကို တစ်နိုင်ငံလုံးက ကျောင်းတွေ တစ်ကျောင်းချင်းစီ ဆန္ဒပြ တောင်းဆိုတာတွေ ရှိတယ် အဲ့အချိန်တည်းက လုပ်ရမယ့်ကိစ္စကို ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ပြီးပြီးတော့ ကျွန်တော်တို့ တောင်းဆိုတဲ့ (၁၁)ချက်လုံး ရတယ်လို့ ကြေညာပြီးတော့ အဲ့(၁၁)ကိုမှ ဥပဒေမူကြမ်းရေးပြီး လွှတ်တော် တင်ကာနီးမှ လုပ်တယ်ဆိုတာက ဒီဥစ္စာက နောက် ကို ပြန်ဆွဲနေတယ် အစိုးရက အစီအစဉ် တစ်ခုလုံးကို အစိုးရက နောက်ကို တစ်ခါပြန်ဆွဲ နေသလိုမျိုးကြီးဖြစ်နေတယ်။ ကျွန်တော်တို့ မြင်တဲ့အတိုင်း မှန်နေတယ်။ အဓိကက အစိုးရက ကျွန်တော်တို့ကို ပေးချင်တဲ့ စေတနာ မရှိဘူး သပိတ်ကို ရပ်ချင်တဲ့ အတွက်ကြောင့်မို့လို့ တွေ့ဆုံ ဆွေးနွေးမှုကို အရောင်ပြ လုပ်တာပဲ မရိုးသားဘူး အစိုးရအနေနဲ့ လူကြီးလူကောင်း မဆန်ဘူး။

မေး – အခုလက်ရှိမှာ နိုင်ငံပိုင် သတင်းစာတွေက သပိတ်ဆက်မှောက်မှုကို မလိုလားတဲ့ အကြောင်းအရာကို အသားပေး ဖော်ပြနေမှုအပေါ်ကိုကော ဘယ်လို ထင်မြင်မိလဲ။

ဖြေ – သတင်းမီဒီယာတွေ အများစုကတော့ ဘယ်ဟာအတု ဘယ်ဟာ အစစ်လဲဆိုတာ သိပါတယ်။ သူတို့မှာ အားကိုးစရာ သူတို့ပိုင်တဲ့ နိုင်ငံပိုင် သတင်းမီဒီယာပဲ ရှိတယ်ပေါ့။ ကျန်တဲ့ သတင်းမီဒီယာတွေ ကတော့ တန်ပြန် ဆန္ဒပြပွဲတွေ နောက်ပြီးတော့ ကျောင်းတွေမှာ လုပ်နေတဲ့ ကျောင်းသားထုရဲ့ သဘောဆန္ဒ ကောက်ခံတယ်ဆို ပြီးတော့ သပိတ်ကို ကန့်ကွက်ဖို့ လုပ်တာကြီးက တကယ်တမ်း သတင်းယူပြီး မေးခွင့် မရှိတာတွေ မေးခွန်း အကန့်အသတ် ဖြစ်တာတွေ မေးခွန်းရှောင်လွှဲနေတာတွေ တာဝန်ရှိတဲ့ လူတွေက အဲ့လိုမျိုး ဖြစ်နေတဲ့အတွက် နိုင်ငံပိုင် သတင်းစာကနေလွဲလို့ ကျန်တဲ့ သတင်းမီဒီယာမှာ ပါဖို့မရှိပါဘူး။ ကျန် သတင်း မီဒီယာတွေကလည်း သူတို့ရဲ့ စိတ်ရင်းအမှန်ကိုသိတယ်။

မေး – သပိတ်မရပ်တဲ့အပေါ် အချို့ပြည်သူတွေက မကျေလည်ဘူး ဖြစ်နေ တယ်။ ဒါကို ရှင်းပြပေးပါ။

ဖြေ – အစိုးရက တွေ့ဆုံဆွေးနွေးတဲ့ အခါအစိုးရဘက်က တောင်းဆိုချက် မပေးတဲ့အတွက် တချို့ဟာတွေကို လျော့ပြီးတော့ တောင်း ဆိုလိုက်ရတာရှိတယ်။ ကျွန်တော်တို့ တောင်းဆိုချက်(၁၀၀) ရာခိုင်နှုန်း မဟုတ်တော့ပဲနဲ့ (၆၀) ရာခိုင်နှုန်း (၇၀)ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်ပေါ့။ အဲ့(၆၀) ရာခိုင်နှုန်း (၇၀) ရာခိုင်နှုန်းကလည်း ကျွန်တော်တို့ လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုပြီးတော့မှ ထွက်လာတော့မှသာ ကျွန်တော်တို့ တောင်းဆို ချက်က ရရှိမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်သူတွေကို အစိုးရက နားမလည်ဘူးဆိုပြီး နားလှည့်ပါးရိုက် လုပ်နေ တယ်ပေါ့။ ကျွန်တော်တို့ ဥပဒေကို သူတို့က အခုချက်ခြင်းပဲ ပေးလိုက်ပြီလို ဘာလိုလိုနဲ့ လုပ်နေတယ် အဲ့အတွက် သပိတ်ရပ်ခိုင်းတယ် သူတို့ဖြစ်ချင်တာ။ သပိတ်ရပ်ချင်တာ။ ဒီဥပဒေပေးချင်တာ မဟုတ်ဘူး။ အဲ့တော့ ပြည်သူတွေကို သတင်းမှားတွေထုတ်ပြီး ကျွန်တော်တို့ သပိတ်မရပ်တဲ့ အပေါ်မှာ ပြည်သူနဲ့ပြန်လှည့်ပြီး ရန်တိုက် နေတာပေါ့နော်။

မေး – အစိုးရက မူအားဖြင့် သဘောတူခဲ့အဆင့်က ဘယ်လောက် အတိုင်းအတာအထိ ခိုင်မာတယ်လို့ထင်လဲ။

ဖြေ – အမှန်တော့ ဒီအစိုးရက ဘယ်အဆင့်မှာမှ စိတ်ချ ယုံကြည်စရာ မကောင်းတဲ့ အစိုးရပါ။ ဒီအတွက်လည်း လမ်းပေါ်ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရတာ ဖြစ်တယ်။ နောက်တစ်ခုက သမိုင်းဝင်ချီတက် လမ်းလျောက် တဲ့ ပုံစံကို လုပ်နေတာလည်း ဖြစ်တယ်။ အဲ့လို ယုံကြည်ရမယ့် အစိုးရဆိုရင် ကျွန်တော်မူကြမ်း အဆင့်တည်းက ကျောင်းသားပြည်သူရဲ့ သဘောထားကို ရယူပါလို့ ကျွန်တော်တို့ တောင်းဆိုတာကို အစိုးရအနေနဲ့တကယ်တမ်း စိတ်ရင်းစေတနာရှိတဲ့ အစိုးရဆိုရင် အဲ့ကိစ္စကိုသူတို့ အဲ့ထဲက လက်ခံပြီးတော့ ပြီးသွားမှာပါ။ ဒီဟာက သူတို့ လက်မခံခဲ့လို့သာ ဒီကိစ္စမပြီးဘဲနဲ့ သမိုင်းဝင် ချီတက်လမ်းလျောက်မှုတွေ လုပ်ရတာဖြစ်တယ်။ အဲ့တော့ ဒီဥပဒေ ချမှတ်ကျင့်သုံးတာတောင်မှ တချို့နေရာမှာ ဒီဥပဒေရဲ့ သဘောသဘာဝရဲ့ အကြောင်းအရာကို နားမလည်တဲ့ လူတွေကို အစိုးရအနေနဲ့ ပုံစံတမျိုးနဲ့ အကြောက်တရားနဲ့ ဆက်ဖိနေဦးမှာပဲ အဲ့လိုမျိုး ပုံစံမျိုးထိတောင် ကျွန်တော်တို့က မျှော်လင့်ထားတာ ဖြစ်တဲ့အတွက် ဒီအစိုးရကိုတော့ လက်ရှိမူအရ သဘောတူထားတဲ့ အဆင့်ကို မဟုတ်ဘဲနဲ့ လွှတ်တော်က ဥပဒေမကျမချင်း ဥပဒေမပြမခြင်း ကျွန်တော်က ယုံမှာ မဟုတ်ဘူး ပေါ့နော်။

မေး – လောက်ကိုင်ကိစ္စလို အမျိုးသားရေးလို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသား သပိတ်မရပ်တဲ့အပေါ် ဝေဖန်မှုတွေကိုရော ဘာများ ပြောချင်လဲ။

ဖြေ – လောက်ကိုင်ဆိုတာက တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့ စစ်ပွဲမဟုတ်ဘူးဗျ။ ကျွန်တော်တို့ နိုင်ငံကို တခြာနိုင်ငံက လာပြီးတော့ တစ်နိုင်ငံလုံးကို ကြွေးကြော် သိမ်းပိုက်လို့ တိုက်နေရတဲ့ စစ်ပွဲလည်း မဟုတ်ဘူးဗျ။ ဒီအမျိုးသားရေး ပညာရေး ဥပဒေကျတော့ တစ်နိုင်ငံလုံးကို အောက်တန်းစားအဆင့် ရောက်နေတာကနေ ဆွဲတင်ဖို့အတွက်ကို ပထမဆုံး ခြေလှမ်းဖြစ်တယ်။ အဲ့ခြေလှမ်းကိုမှ ရိုက်ချိုးခံရရင် တစ်နိုင်လုံး ကံကြမ္မာနဲ့ ဆိုင်တယ်။ သေချာစဉ်းစားကြည့် ရင် လောက်ကိုင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ တစ်နိုင်ငံလုံး ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လား တစ်နိုင်ငံလုံးရဲ့ ပညာရေး အဆင့်အတန်းက တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေး နိုင် လားဆိုလားဆိုတာ ကျွန်တော်တို့ ပြန်ပြီး စဉ်းစားရမယ်။ အဲ့တော့ဒီဟာကို နားလည်တဲ့သူတွေ စိတ်ရင်း စေတနာအမှန်နဲ့ နားလည်းတဲ့ ပြည်သူတွေ တော်တော်များသိပါတယ်။ အမျိုးသား ပညာရေးဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံကို အကောင်းဆုံး ဆုံးဖြတ်နိုင်တဲ့ ဥပဒေဖြစ်နေတယ်။ ဒီလောက်ကိုင် စစ်ပွဲကတော့ အမျိုး သားရေးနဲ့ မဆိုင်တော့တဲ့ ဒေသဆိုင်ရာ စစ်ပွဲဖြစ်နေတယ်။ တစ်နိုင်ငံလုံးရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နိုင်တာ မရှိဘူး။ ဒီတိုင်းရင်းသား သူပုန်စုစုလေး သေးသေးလေးနဲ့ ဒီတစ်နိုင်ငံလုံးက ကြည်း၊ရေ၊ လေ တပ်မတော်ကြီးနဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိုမှ ဒါကိုအကြီးကြီးလုပ်ပြီး အမျိုးသားရေးနဲ့ ဆိုင်တယ်လို့ ပြောနေ တယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး။ အခု တိုက်နေတဲ့ ဦးဖုန်ကြားရှင်ရဲ့ လောက်ကိုင် (ကိုးကန့်) တပ်ပေါ့လေ။ အဲ့တပ်ကလည်း ဗိုလ်ချုပ်ခင်ညွန့် လွန်ခဲ့တဲ့ တပ်မတော် အစိုးရ လက်ထက်ကလေ ငြိမ်းချမ်းရေးယူပြီး သူတို့ပဲ အားပေးမြောက်စားခဲ့တဲ့ လက်နက်ကိုင်တပ် ဖြစ်နေတယ် အဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လုံးဝေ၀ဖန်ခွင့် မရခဲ့ဘူး။ ဝေဖန်ရမယ့် အခွင့်အရေးလည်း မရှိခဲ့ဘူး။ အခုမှတော့သာ လက်နက်ကိုင် တိုက်ပွဲတိုက်နေတဲ့ ဒေသတွင်း တိုက်ပွဲကို အမျိုးသားရေးနဲ့ ဆိုင်တယ်လို့ပြောရင် ကျွန်တော်တို့က လက်ခံမှာ မဟုတ်ဘူး။

မေး – ရန်ကုန်ကို လုံးဝအ၀င်မခံတာ ဘာကြောင့်လို့ ထင်လဲ။

သူတို့ သေချာ မရှင်းခဲ့တဲ့ အလုပ်သမားကိစ္စ၊ လယ်သမား ကိစ္စ နောက်တစ်ခုကကျတော့ ဒီကျွန်တော်တို့ ကျောင်းသားကိစ္စကို မရှင်းနိုင်တဲ့အပေါ် အလုပ်သမား လယ်သမားထက်စာရင် ကျောင်းသား အရေးကိစ္စကို ပြည်သူတွေ ၀န်းရံမှု များလာတဲ့အခါ စိုးရိမ်ကြောက်လန့်မှု ရှိလာတယ်။ ဒီသပိတ်တွေ ပေါင်းစုံတဲ့အခါ သူရဲ့ ရာဇပလင်ကို ထိပါးနိုင်ခြေ ရှိသည်ဟု ယူဆပုံရတယ် အဲ့တော့ ကျွန်တော်တို့ ကျောင်းသားသပိတ်တွေကို ဘယ်လိုမျိုးမဆို တစ်ဖက်ကလည်း ကျွန်တော်တို့ တောင်းဆိုတဲ့ အခွင့်အရေးကို ပေးချင်တဲ့ စေတနာမရှိဘူး။ ပေးလည်း မပေးချင်ဘူး။ တစ်ဖက်ကလည်း ဒီလိုမျိုး မပေးလို့ သပိတ်တပ်တွေ ရန်ကုန်ထဲဝင်မှာ ကိုလည်း သူတို့ လက်မခံနိုင်ဘူး။ အဲ့နှစ်ခုကြားမှာ သူတို့အနေနဲ့ပြည်သူကို လိမ်လည်လှည့်ဖြားပြီး သွားနေတယ်လို့ပဲ မြင်တယ်။

မေး – သပိတ်တောင်းဆိုမှု အောင်မြင်သွားရင် မိဘရင်ခွင်ကို ပြန်ခိုင်းတဲ့ သီတဂူ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ဘယ်လိုထင်မြင်မိလဲ။

ဖြေ – ဘေးအန္တရာယ် မဖြစ်အောင် စိတ်ရင်းစေတနာမှန်နဲ့ တောင်းဆိုတဲ့ ဒီစေတနာကို ကျွန်တော်တို့ အနေနဲ့ နားလည်ပါတယ်။ ပြီးတော့ ဆရာတော်ကြီးရဲ့ စေတနာကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ သူရဲ့ ကျောင်းသားတွေ အပေါ်ထားတဲ့ မေတ္တာတရားကို အသိအမှတ်ပြုတယ်။ နားလည်း နားလည်ပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်မရမချင်း မိဘရင်ခွင်ကို ပြန်လိုက်ရင် ဆရာတော်ကြီးကို ယုံလို့ပြန်တယ်။ ဒါပေမဲ့ ဒီအစိုးကို ကျွန်တော်တို့ မယုံဘူး။ အဲ့အတွက်ကို ဆရာတော်ကြီး ရဲ့ မေတ္တာရပ်ခံချက်ကို သေချာပြန်လည် သုံးသပ်ပြီးတဲ့ အခါမှာ ကျောင်းသားတွေ ရဲ့ စာမေးပွဲ ကာလအတွင်းမှာ ရပ်နားလိုက်တာ ဖြစ်ပါတယ်။

မေး – အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ သဘောထား ထုတ်ပြန်ချက်ကို ဘယ်လိုထင်မြင်လဲ။

ဖြေ – မဘသရဲ့ သဘောထား ထုတ်ပြန်ချက်ကို ကျွန်တော်တို့ အနေနဲ့ မဘသ ဦးဆောင် ဆရာတော်တွေ ပေါ့လေ ဒီဆရာတော်တွေလည်း ရှင်းပြဖို့ရှိပါတယ်။ ဆရာတော်တွေကိုလည်း ရှင်းပြဖို့ ရှိပါတယ်။ ဆရာတော် တွေနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံချင်ပါတယ် ဆရာတော်တွေနဲ့ တွေ့ဆုံပြီးတော့ ကျွန်တော်တို့ရဲ့ တောင်းဆိုတဲ့ ဥပဒေရဲ့ အချက်အလက်အမှန် နည်းဥပဒေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန်ကို ကျွန်တော်တို့ ရှင်းပြပါတယ်။ ဒီလိုမှဆရာတော်တွေ အနေနဲ့ ဒါကိုမှ လက်မခံနိုင်သေးဘူးဆိုရင် အဲ့အတွက်ကို မဘသ ဆရာတော်တွေ လက်ခံနိုင်တဲ့၊ သံဃာထု လက်ခံနိုင်မယ့် ဥပဒေ စကားရပ် ပုံစံအတိုင်း ပြောင်းပေးဖို့၊ ပြင်ပေးဖို့ ကျွန်တော်တို့ ၀န်မလေးပါဘူး။ အဓိကက ကျွန်တော်တို့က ဒီဥပဒေကြောင့်မို့ ကျွန်တော်တို့ ကျောင်းတွေနဲ့ ပြည်သူတွေနဲ့ ဆရာတော်တွေကြားမှာ စည်းရုံးရေး ပြိုကွဲတာမျိုး အဖြစ်မခံဘူး။ ဒီဟာကို သံသယ ရှိနေသေး တယ်ဆိုရင် ဆရာတော်တွေ လက်ခံတဲ့အတိုင်း ညှိနှိုင်းပြီး ပြင်ပေးဖို့ ၀န်မလေးပါဘူး။

ချမ်းမြေ့ခိုင်၊ သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခြင်း-ချမ်းမြေ့ခိုင်၊ သူရိန်ကျော် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခြင်း-ချမ်းမြေ့ခိုင်၊ သူရိန်ကျော် Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.