မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ တပ်မတော် အင်ဂျင်နီယာတပ် (ဘီအီး) တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွား ခဲ့တဲ့ ကန်တော်မင်ရွာသား ရွာသားစုစုပေါင်း ၅ ဦးကို ၀တ္တရား နှောင့်ယှက်မှု၊ ဆဲရေး တိုင်းထွာမှုတွေနဲ့ တရားစွဲဆို လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းမှာ ပြင်ဦးလွင်မြို့မရဲစခန်းက တရားစွဲထားတဲ့အကြောင်း ခေါ်ယူပြောပြခဲ့တယ်လို့ တရားစွဲခံရသူ ဦးမျိုးက ဒီဗွီဘီကို ပြောပါတယ်။
“ပြင်ဦးလွင်ရဲစန်းက ဒုရဲအုပ် မင်းအောင်က ကျနော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ခေါ်မေး တယ်ဗျ ။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်တာနဲ့ ပတ်သက်ပြီး စစ်တပ်က ကျနော်တို့ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲထားတယ်၊ ပုဒ်မ ၂၉၄ ဆဲရေးတိုင်းထွာမှုရယ် ပုဒ်မ ၃၃၂ တာဝန် ၀တ္တရားနှောင့်ယှက်မှုပေါ့။ အဲဒါ ကျူးလွန်သလား မကျူးလွန်ဘူးလားတဲ့၊ ကျနော်တို့ကလည်း မဆဲပါဘူး၊ မဆိုပါဘူး။ သူတို့သံတံခါးတပ်တဲ့နေရာကိုလည်း သွားရောက် နှောင့်ယှက်ခြင်းမရှိပါဘူး။ ကိုယ့်နေရာမှာဘဲ ကိုယ်နေပြီး အသနားခံတောင်းဆိုခဲ့တယ်။ စစ်တပ်က အရင်လာချတယ် အဲသလိုဖြေခဲ့ပါတယ်” လို့ ဦးမျိုးက ပြောပါတယ်။
ရွာသားတွေခုလို တရားစွဲခံထားရပေမယ့် တရားရုံးတက်ဖို့ ချိန်းဆိုထားတော့မရှိသေးပါဘူး။ ။
ဘီအီးတပ်က ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ ကန်တော်မင်ရပ်ကွက်မှာ မိသားစုပေါင်း ၂၀၀ လောက်နေထိုင်နေတာဖြစ်ပြီး အဲဒီမြေပေါ်မှာ စစ်တပ်က ပြီးခဲ့တဲ့ လကုန်ပိုင်းက သံတံခါး လာရောက်တပ်ဆင်စဉ် ရွာသားတွေက တားဆီးတဲ့အတွက် စစ်တပ် နဲ့ ရွာသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၂ ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဦးခေါင်းထိခိုက်မိတဲ့ ရွာသားတစ်ဦးကတော့ မန္တလေးဆေးရုံ အရေးပေါ်ခန်းမှာ ကုသနေရဆဲဘဲ ဖြစ်ပါတယ်။
By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/79936
စစ်တပ်နှင့် ပဋိပက္ခဖြစ်ခဲ့သည့် ပြင်ဦးလွင် ရွာသားများ တရားစွဲခံရ
Reviewed by သစ်ထူးလွင်
on
19:10
Rating: