ငွေ ၄ သောင်းသွင်းပြီး လူတိုင်းလစဉ်ကျပ် ၁၂ သိန်းရမည့်စီမံချက် သမ၀ါယမ ဥပဒေစည်းကမ်းများအား ချိုးဖောက်ဟုဆို
ငွေလေးသောင်းကျပ်သွင်းပြီး လူတိုင်း လစဉ် ၁၂ သိန်းရမည့်စီမံချက် အကောင်အထည် ဖော်နေသည့် Myanma Shwe Yaung Co;op Ltd သည် သမ၀ါယမဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် သမ၀ါယမအသင်း တခုဖြစ်ပြီး သမ၀ါယမအသင်း၏ စည်းကမ်းများကို ချိုးဖောက်ကာ မမှန်မကန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်တင်က News Watch သို့ ပြောကြားသည်။
၎င်းက“သမ၀ါယမဥပဒေအရ ဆင့်ပွားလုပ်ကိုင်ခွင့်ဆိုတာမရှိဘူး။ အသင်းသားအဖြစ် ကြိုက်ရင် ထည့်ဝင်ခွင့်ရှိတယ်။ အသင်းဝင်ကြေးဆိုတာလည်း မရှိရဘူး။ အသင်းသားဝင်ခွင့်ကလည်း နယ်နိမိတ်ကျော်ပြီး ၀င်ခွင့်မရှိဘူး။ ဒီဟာက လိမ်ဆင်တွေပါ။ အရင်ကလည်း ဒါမျိုးတွေပေါ်ခဲ့ဖူး တာပဲ”ဟု ပြောကြားသည်။
News Watch ဂျာနယ်အတွဲ (၉)၊ အမှတ်(၃၇)တွင် ငွေလေးသောင်းသွင်းရုံဖြင့် လစဉ်ငွေကျပ် ၁၂ သိန်းရမည့်ကုမ္ပဏီ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဟု ဖော်ပြခဲ့ရာ အဆိုပါစီမံချက်အား အကောင် အထည်ဖော်ခဲ့သူများက သတင်းမှားယွင်းနေ၍ လာရောက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ News Watch မှ သွားရောက်ဖြေရှင်းခဲ့ရာတွင် သတင်းပါအချက်အလက်များ မှားယွင်းကြောင်း ၎င်းတို့မှ ပြောကြားရာ၌ Myanma Shwe Yaung Co;op Ltd သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားဦးစီးဌာနတွင် မှတ်ပုံ တင်ထားခြင်းမဟုတ်ဘဲ သမ၀ါယမတွင် မှတ်ပုံတင်ထားကြောင်း၊ ပရဟိတလုပ်ငန်း ဖြစ်သောကြောင့် ရရှိမည့်အကျိုးအမြတ်များအား ထွန်းမေတ္တာဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထွန်းမေတ္တာ ဖောင်ဒေးရှင်းသည် ပြည်ထဲရေးလက်အောက်တွင် မှတ်ပုံတင်ထားကြောင်း၊ ယင်းကြောင့် မှတ်ပုံတင်ထားခြင်းမရှိဆိုသည်မှာ မဟုတ်မှန်ကြောင်း ၎င်းတို့မှ ရှင်းလင်းခဲ့သည်။
News Watch မှ ယင်းစီမံချက်အား နိုင်ငံတော်သို့ တရားဝင်ခွင့်ပြုချက်တောင်းခံပြီးမှ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ သမ၀ါယမတွင် အစုဖွဲ့လုပ်ငန်း လုပ်ကိုင်မည်ဟု မှတ်ပုံတင်ထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
Myanma Shwe Yaung Co;Op Ltd သည် သမ၀ါယမ၀န်ကြီးဌာန၌ မှတ်ပုံတင်ထားသည်ဆိုခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမဦးစီးဌာနသို့ သွားရောက်စုံစမ်းရာ သမ၀ါယမ စည်းမျဉ်းများကို ကျော်လွန်လုပ်ကိုင်နေ၍ ဌာနနာမည်ထိခိုက်စေကြောင်း၊ သတင်း မီဒီယာများမှ ဖော်ထုတ်ပေးပါက အထက် အဆင့်ဆင့်သို့ တင်ပြကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ၎င်းတို့ မှတ်ပုံတင်ခဲ့ရာ၌ အင်္ဂလိပ်စာလုံးဖြင့် မှတ်ပုံတင်ထားခြင်းမဟုတ်ဘဲ မြန်မာရွှေရောင် ကျောက်စိမ်းကျောက်မျက် ရောင်း ၀ယ်ရေးလုပ်ငန်းဖြစ်ပြီး ရုံးခန်းတည်နေရာသည် စမ်းချောင်းမြို့နယ်တွင်တည်ရှိသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
လက်ရှိ ၁၂ သိန်း စီမံချက်ရုံးခန်း တည်နေရာသည် တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းအမှတ် ၁၄၊ ဒုတိယထပ်တွင်တည်ရှိပြီး နယ်မြေကျော်၍ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သမ၀ါယမစည်းကမ်းနှင့် ကိုက်ညီမှုမရှိဟု ဆိုသည်။ ယင်းအပြင် သမ၀ါယမစည်းမျဉ်းဥပဒေဖြစ်သည့် မည်သူမဆို အသင်းဝင်လိုလျှင် အခမဲ့ဝင်ခွင့်ပြုထားသော်လည်း ၁၂ သိန်း ပရောဂျက်၌ အသင်းဝင်ကြေး ၃၀၀၀ ကျပ် လစဉ်ကြေးကျပ် ၃၅၀၀၀ ပေးဆောင်ရခြင်းများသည် သမ၀ါယမစနစ်အပေါ် အလွဲသုံးစားလုပ်ရာ ရောက်သည်ဟု ဆိုသည်။
အဆိုပါပရောဂျက်သည် တရားဝင် မီဒီယာများတွင် ကြော်ငြာခြင်းမရှိဘဲ လမ်းဘေးဓာတ်တိုင်များနှင့် အင်တာနက်စာ မျက်နှာများတွင် ကြော်ငြာရခြင်းမှာ လူအများစိတ်ဝင်စားမှုရှိလာပြီး ရုံးသို့တိုက်ရိုက် ရောက်ရှိလာသူများအား စနစ်တကျ ရှင်း ပြနိုင်စေရန် ရည်ရွယ်ကြောင်း ၎င်းပရောဂျက် တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ဆင်းရဲသားပျောက်ရေး ပရောဂျက်ဟုဆိုကာ အခြေခံလူတန်းစားများအား ပစ်မှတ်ထား၍ စည်းရုံးသည့် ၎င်းပရောဂျက်သည် ပရဟိတခေါင်းစဉ်ဖြင့် အလုပ် လုပ်မည်ဆိုသော်လည်း သက်ဆိုင်ရာနိုင်ငံတော်အဆင့်သို့ တရားဝင်လုပ်ငန်းစီမံချက် စနစ်တကျ ရှင်းလင်းခွင့်တောင်းခဲ့ခြင်း မရှိသည့်အပြင် အများပြည်သူများထံသို့လည်း ပွင့်လင်းမြင်သာစွာ ကြေညာခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။
News Watch အနေနှင့် အမှန်တကယ် ဆင်းရဲသားပပျောက်ရေးအတွက် အာမခံနိုင်သည့်လုပ်ငန်းဖြစ်ပါက အများပြည်သူသိရှိစေရန် ထုတ်ဖော်ရေးသားပေးရမည့် တာဝန်ရှိကြောင်းနှင့် ရိုးသားမှုမရှိသည်များ၊ ပြည်သူလူထုအလိမ်ခံရမည့် အခြေအနေများရှိလာပါက တတ်နိုင်သမျှ ဖော်ထုတ်ရေးသားသွားမည်ဟု ကတိပြုခဲ့သည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ငွေ ၄ သောင်းသွင်းပြီး လူတိုင်းလစဉ်ကျပ် ၁၂ သိန်းရမည့်စီမံချက် သမ၀ါယမ ဥပဒေစည်းကမ်းများအား ချိုးဖောက်ဟုဆို
Reviewed by သစ်ထူးလွင်
on
12:30
Rating: