ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့အကြောင်းတွေကိုကျော်ပြီး ချစ်သူများနေ့ အကြောင်းရေး ရမှာလည်း လိပ်ပြာသန့်ပါသည်။ မရေးလို့ကမဖြစ်၊ ခုလို ကြိုရေး ထားမှတော်ကာကျမည်။ အထက်ပါနေ့တွေက ကိုယ်မရေးလည်းရေးမည့်သူတွေ အများကြီး၊ ချစ်သူများ နေ့ကိုတော့ ခုလိုရက်မှာ မည်သူမှရေးမည်မထင်။သမီးရှင်တို့ တထိတ်ထိတ်နေ့လို့သာ ပြောချင်ပါသည်။
ခေတ်ကာလကလည်း အပြောင်းမြန်လိုက်တာ....။ မိမိတို့ခေတ်က သမီးရည်းစားစုံတွဲတော်တော်များများ ဘာမှနယ်ကျွံတာမဟုတ်ဘဲ အချိန်လေးလွန်သွားရုံနှင့် အိမ်မပြန်ရဲလို့ ယူလိုက်ကြရတာတွေ ရှိသည်။ တစ်ညလောက်၊ ကိုယ့်ဘာသာကိုယ့်သူငယ်ချင်းတွေနဲ့ အလည်လွန်လို့ပဲဖြစ်ဖြစ် မိဘဆီကပျောက်သွားရင်လည်း ယူလိုက်ကြရသည်။ မိန်းကလေးတစ်ယောက်အိမ်ပြင်မှာရှိချိန်နှင့်ပတ်သက်လို့ တန်ဖိုးကန့်သတ်တဲ့ သဘောပါပဲ။ ခုကာလများတော့ သုံးလေးရက်ပျောက်နေလည်း ခပ်တည်တည်ပဲ အိမ်ပြန်လာကြပါ၏။ မိဘကလည်း အပူအပင်မရှိ၊ အယုံလွန်တာလည်းပါမှာပေါ့။ ကောင်းတော့ကောင်းပါသည်၊ မိမိကိုယ်မိမိစီမံခန့်ခွဲ ကျင့်တော့ ရသွားတော့၏။
ဒီတော့ ချစ်သူများနေ့နဲ့ ပတ်သက်လို့တော့ ပြောချင်တာ မိန်းကလေးတို့ အဓိကပါပဲ။ ချစ်သူဘဝဆိုတာ ဘာမှရေရာတာမဟုတ်ပါ။ နှစ်ဖက်မိဘ သဘောတူပြီးထားလည်း သေချာတာမဟုတ်။ ကံကြမ္မာဆိုတာဘာမှန်းမှမသိတာ။ စေ့စပ်ပြီးထားလို့၊ လက်ထပ်ဖို့ အတွက် ဟိုတယ်မှာတောင် ဘွတ်ကင် လုပ်ပြီးထားလို့ စသည်တို့ဖြင့်တော့ ချစ်သူနှင့်အလွန်အကျွံနေထိုင်ခြင်း မပြုပါနှင့်...။ဘယ်သူသိမှာလဲ.... ဒီလိုပဲ နေနေကြတာပဲဆိုသော်လည်း မိမိကိုယ်မိမိတော့ သိပါသည်။ မိမိချစ်သူလည်းသိပါသည်။ မိမိချစ်သူက လူကောင်းဆို လည်းတော် သေးရဲ့။သူနဲ့မယူဖြစ်လို့ ကွဲကွာသွားကြပြီဆိုပါစို့...။ သူနှင့်နယ်ကျွံမိတာကိုပါ မေ့ပစ်တတ်သူဆိုကိစ္စမရှိ။ တငင်ငင်လုပ်နေတာမျိုး၊ဟိုတစ်လောကဆိုရင် နေထိုင်ကြတာကို ဗီဒီယိုဖိုင်အဖြစ် လူမှုကွန်ရက်မှာ တင်တာမျိုးလုပ်မည့်သူမဟုတ်ဟု ဘယ်သူ့ကိုမှမထင်ပါ နှင့်။ တချို့ကျတော့လည်း လူချင်းမှ မမြင်ဘူးပဲ ဟိုတယ်မှာချိန်းသတဲ့၊ အသတ်ခံရပြီး အရှက်ကွဲတော့ ကျန်ရစ်သူကိုယ့် မိသားစုဝင် တွေဖြစ်ပါသည်။ ဘယ်သမီးရည်းစားမှ မမြင်ကွယ်ရာမှာ ချိန်းမတွေ့ရင်ကောင်းမည်။ ကိုရီးယားကားတွေကို အတုခိုးမှားစေသတဲ့၊ ... ဆိုဂျူအမူးလွန်နေတဲ့ ချစ်သူကို ကုန်းပိုးပြီးသူ့အိမ်အရောက်၊ အိပ်ရာပေါ်အရောက်ပြန်ပို့ပေးတာလေးတွေ ဘယ်လောက်ချစ်စရာကောင်းသလဲ။ ဒီမှာက ဒီလိုမဟုတ်။ သတ်ပြီးပစ္စည်းပါယူနေကြ၏။ အတူအိပ်ပြီး ဗီဒီယိုရိုက်ယူထား ပြီးညှစ်၏။သူတို့ယောက်ျားလေးသူငယ်ချင်း အချင်းချင်း ပြန်ပြောပြပြီးဟားသည် ...ကောင်းရော၊ယောက်ျားကောင်းတဲ့လေ။ ချစ်သူများနေ့ဆိုတာ ချစ်သူတွေအတွက် နေ့ဖြစ်လို့ ချစ်သူဘဝက လွန်ကျွံတာမျိုး ဘာမှမလုပ်မိစေချင်ပါ။ မိန်းကလေးဆိုတာ မိမိ၏ အပျိုစင်ဘဝ၊အိမ်ထောင်သည်ဘဝထက်ပိုသစ္စာရှိရာမရှိပြီ။အပျိုဆိုလည်းအပျို၊အိမ်ထောင် ရှိလည်း အိမ်ထောင်..ကိုယ့်အတွက် အလေးထားရာဖြစ်သည်။ဒီတော့ အပျို ဘဝမှာအိမ်ထောင်သည်အလုပ်မလုပ်မိဖို့ လိုသလို အိမ်ထောင်သည်ကလည်း အပျိုအလုပ်မလုပ်ဖို့လိုသည်။
ထို့ပြင် အချစ်ဆိုတာ၊ချစ်သူဘဝ ဆိုတာသည်လည်းတန်ဖိုးထားအပ်သည်။ဘယ်သူပဲဖြစ်ဖြစ် ချစ်သူရှိခဲ့ဖူးတာ၊ချစ်သူ နဲ့ချစ်သူ ဖြစ်ခဲ့ရတဲ့ဘဝလေးကို သေသည်အထိ အမှတ်ရနေတတ်ကြတတ်သည်။ထိုအမှတ်ရစရာတွေထဲ ကြွက်ချေး မရောပါစေနှင့်၊ မထိန်းသိမ်းတာတွေ မဖြစ်ပါစေနှင့်။သူ့အပျိုစင်ဘဝလေးကိုယ့်ကြောင့် မညှိုးနွမ်းပါစေနှင့်။သူ သူနှင့်ဖူးစာပါသူ နှင့်လက်ထပ်ချိန်မှာ သူ့ဘဝအစစ်ကလေးအတိုင်း ပေးစွမ်းနိုင်ပါစေ....။... ဒီလိုသဘောထားတဲ့ ယောက်ျားခုကာလ ရှိကြပါဦးမလား....။ မိန်းကလေးတို့အဖို့ကလည်း လက်ရှိချစ်သူနဲ့ပဲလက်ထပ်ဖြစ်ရင်တောင် မင်္ဂလာဦး အိမ်ထောင်သည်ဘဝကိုတန်ဖိုးရှိပါစေ။ မည်သူနှင့်မည်မျှချစ်သော ချစ်သူတွေ ဖြစ်နေပါစေ... မိမိတကယ်လက်ထပ် ဖြစ်မည့်သူအပေါ် ကြိုတင်သစ္စာမဲ့သည့် အလုပ်မျိုး မလုပ်စေချင်ပါ။ဒီချစ်သူနဲ့ပဲ လက်ထပ်ဖြစ်လည်း မိမိ၏သတို့သမီးအဖြစ်ကို ကြိုတင်စွန်းထင်းမနေစေချင်ပါ။ ချစ်သူများနေ့ဆိုတာ ဒီလိုချိန်းတွေ့မှ ချစ်သူများနေ့လို့ ဘယ်သူပြောလဲ...။ ဗိုက်ဘာထဲကနေ...ဟယ်လိုလောက်လည်း ချစ်သူများနေ့ပါပဲ။မအားတဲ့ အထဲက အပြေးအလွှားလက်ဖက်ရည် ဆိုင်လေး အတူထိုင်ရလည်း ချစ်သူများနေ့ပါပဲ။ဘုရားအတူတက်လည်း ချစ်သူများနေ့ပါပဲ...ဆိုတာလေးပြောချင်တာပါပဲ။
ခင်ပန်နှင်း
The Union Daily
http://uniondaily.net/News/DetailView.aspx?id=11602&path=Art.aspx
ချစ်သူစုံတွဲတို့အတွက် စကားလက်ဆောင်
Reviewed by သစ်ထူးလွင်
on
19:28
Rating:
