စိန်ခေါ်မှုရင်ဆိုင်နိုင်ရေး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ သမ္မတ တိုက်တွန်း

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပစဉ်။ Photo: Aung Ko Ko/ RFA
အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သ၀ဏ် လွှာမှာ ထည့်သွင်းပြောကြားပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တက်ရောက်ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

"မိမိတို့ အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ရန် အတွက် ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်၊ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းပေါင်းများစွာကို တစ်ပြိုင်တည်း ဆောင်ရွက်ရသည့်အတွက် တချို့ကဏ္ဍများတွင် တိုင်းရင်း သား ပြည်သူများ၏ မျှော်လင့်ချက်များကို အပြည့်အဝဖြည့်စည်းပေးရန် လိုအပ်နေဆဲဖြစ်ပါသည်"

နေပြည်တော်က ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။

NLD နာယက ဦးတင်ဦးက ပြည်ထောင်စုဖြစ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့ပုံကို အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

"ဗိုလ်ချုပ်ဟာ ကြမ်းတမ်းခက်ထန် ပြင်းထန်သောလမ်းကို ကိုယ်ကျိုးစွန့်လျှက် အဖမ်းခံရသူတွေ အကျဉ်းကျတဲ့ သူတွေ ဘဝပျက်တဲ့သူတွေ အသက်ပေးတဲ့သူတွေနဲ့ ဒီနေ့ ဗမာပြည်ကြီးကို နယ်ချဲ့ကိုလိုနီစနစ်အောက်မှ ကျွန်ဘဝအောက်မှ လွှတ်မြောက်အောင် သတ္တိ၊ ဇွဲ၊ လုံ့လတို့ဖြစ့် မဆုတ်မနစ်ကြိုးပမ်းခဲ့သူဖြစ်တယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍသည် ပြည်သူတို့အား အစဉ်အလုပ်အကျွေးပြုရမယ်ဟူသော ပြည်သူ့အုပ်ချုပ်ရေးနဲ့ စစ်တပ်တာဝန်ကို ပိုင်းခြားသတ်မှတ်ပေးကာ စံပြဦးဆောင်သွားသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ်"

ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ဟာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့နဲ့လည်း တိုက်ဆိုင်တာကြောင့် ပြည်သူ့ ရင်ပြင်မှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုတွေကို ခင်းကျင်းပြသထားပြီး ညပိုင်းမှာ အနုပညာရှင်တွေ က တေးဂီတနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်က ပြည်ထောင်စုနေ့ပွဲကို ရန်ကုန်အခြေစိုက် သံရုံးတချို့က သံတမန်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာလည်း နိုင်ငံရေးပါတီ ၂၂ ပါတီပူးပေါင်းပြီး ဒီနေ့ကျရောက်တဲ့ ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ပါတီတွေက နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပဖို့၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ စတဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ထုတ်ပြန်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုနေစိုးအောင်က ပြောပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ ၊ ရခိုင်အမျိုးသားပါတီ စတဲ့နိုင်ငံရေးပါတီ ၂၂ ပါတီပူးတွဲကျင်းပတာ ဖြစ်ပါတယ်။

ဒီနေ့ပင်လုံပြည်ထောင်စုနေ့ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် တက်ရောက်ခဲ့ပါတယ်။

မနက်ဖြန်ကျရောက်မယ့် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်ပွဲကိုလည်း အဲဒီပါတီတွေပူးပေါင်းပြီး ပင်လုံမှာကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/president-call-people-join-face-challenge-02122015101150.html
စိန်ခေါ်မှုရင်ဆိုင်နိုင်ရေး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ သမ္မတ တိုက်တွန်း စိန်ခေါ်မှုရင်ဆိုင်နိုင်ရေး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ သမ္မတ တိုက်တွန်း Reviewed by သစ်ထူးလွင် on 22:10 Rating: 5
Powered by Blogger.