ထိုင်ဝမ် ထောင်အာဏာပိုင် ၃ ဦးကို ဖမ်းဆီးခဲ့သူများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ဓာတ်ပုံ – အေအက်ဖ်ပီ
ထိုင်ဝမ်ကျွန်း ကောင်းရှုံမြို့မှာ အကျဉ်းထောင်အာဏာပိုင် ၃ ဦးကို လက်နက်ကိုင် အကျဉ်းသား ၆ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အကျဉ်းသား ၆ ဦးလုံး ဒီနေ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်လို့ ထိုင်ဝမ်တရားရေးအာဏာပိုင်တွေက ပြောပါတယ်။

ထောင်ညွှန်ကြားရေးမှူးနဲ့ အစောင့် ၂ ဦးကို  ဓားစာခံတွေအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ၁၄ နာရီကြာ ဖမ်းဆီးထားခဲ့ကြပြီး ဒီနေ့မနက်ပိုင်း လက်နက်ကိုင်အကျဉ်းသား ၆ ဦးလုံး အဆုံးစီရင်ခဲ့ကြတာပါ။

အကျဉ်းသား ၆ ဦးလုံး လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ် ၂၅ နှစ်ကနေ ၄၆ နှစ်အထိ ကျခံနေရသူတွေဖြစ်ပြီး သူတို့အပေါ် ထောင်အာဏာပိုင်တွေရဲ့ ဆက်ဆံမှုကို မကျေနပ်တာကြောင့် အခုလို ဖမ်းဆီးခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းသား ၂ ဦးက နေမကောင်းချင်ယောင်ဆောင်ပြီး ထောင်စောင့် ၂ ဦးကို ဓားစာခံအဖြစ် အရင်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဓားစာခံထောင်အစောင့်တွေကို လက်နက်တိုက်ခေါ်ဆောင်သွားခိုင်းပြီး လက်နက်တွေနဲ့ ကျည်ဆန် ၂၀၀ ရယူခဲ့ကြတာပါ။

နောက်ဆုံး ဓားစာခံတွေကို အထိအခိုက်မရှိ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဘာကြောင့် အကျဉ်းသားတွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြလဲဆိုတာ အတိအကျမသိသေးဘူးလို့ ကောင်းရှုံမြို့နယ် ရဲညွှန်ချုပ် Wu Jia-Qing က ပြောပါတယ်။

လက်နက်ကိုင်အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထောင်တခုလုံး ၀ိုင်းထားခံရမှန်းသိပြီး လွတ်လမ်းမရှိတော့တာကို သိရှိသွားပုံရတယ်လို့လည်း ရဲညွှန်ချုပ်က ပြောပါတယ်။

အကျဉ်းထောင်အပြင်ကနေ ထိုင်ဝမ်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ လောက် ၀ိုင်းခဲ့ကြတယ်လို့လည်း ဒေသခံသတင်းတွေက ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81200

ထိုင်ဝမ် ထောင်အာဏာပိုင် ၃ ဦးကို ဖမ်းဆီးခဲ့သူများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ထိုင်ဝမ် ထောင်အာဏာပိုင် ၃ ဦးကို ဖမ်းဆီးခဲ့သူများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် Reviewed by သစ်ထူးလွင် on 18:08 Rating: 5
Powered by Blogger.