လမ်းကူးရန် စောင့်ဆိုင်းနေသော ကိုရင်နှစ်ပါးအား ယာဉ်တိုက်မိရာ တစ်ပါးပျံတော်မူ


ဖေဖော်ဝါရီလ (၁) ရက်နေ့  နံနက် ၉း၃၀ ခန့် တွင် လားရှိုးမြို့ ၊ ပြည်ထောင်စု လမ်းမကြီး၊ ရပ်ကွက် (၁၂) မန်ဆူဘုန်းကြီးကျောင်းအနီးတွင် သုံးဘီးယာဉ်အား ကျော်တက်လိုက်သော အေဒီဗင် အဖြူတစ်စီးက လမ်းလယ်မှနေ၍ လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေသော ကိုရင်လေး (၂) ပါးအား တိုက်မိခဲ့ရာ ကိုရင်လေးတစ်ပါးမှာ လားရှိုးပြည်သူ့ ဆေးရုံမှ မန္တလေးသို့ ပင့်ဆောင်စဉ် လမ်းခရီး၌ ပျံတော်မူပြီး ကျန်တစ်ပါးမှာ လားရှိုးပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုရင်လေးနှစ်ပါးမှာ လားရှိုးမြို့ ၊ မြို့ မကျောင်းတိုက်မှဖြစ်ပြီး ရှင်သုစိတ္တ (၁၃) နှစ် နှင့် ရှင်ဥာဏ်နောဘာသ (၁၁) နှစ်တို့ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ရှင်သုစိတ္တမှာ သတိလစ်မေ့မြောနေပြီး လားရှိုးဆေးရုံသို့ ပို့ ဆောင်ကာ ထိုမှ တဆင့် မန္တလေးသို့ ပင့်ဆောင်စဉ်အထိ သတိပြန်လည်မလာတော့ပဲ စဥ့်အင် ရွာအနီးသို့ အရောက်၊ မွန်းလွဲပိုင်း ၃း၁၀ မိနစ်ခန့် တွင် ပျံတော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအေဒီဗင်မှာ လားရှိုး-မူစယ် ခရီးသည်တင်ကားဖြစ်ပြီး ယာဉ်မောင်းမှာ ဦးဟောင်းလွမ်း (၃၁) နှစ်၊  လားရှိုးမြို့ နေသူဖြစ်ကြောင်း၊ ကက်သလစ် ခရစ်ယာန် အသင်းတော်မှ တာဝန်ရှိသူများလိုက်ပါလာပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခု ရှင်စိတ္တ ပျံတော်မူပြီ ဖြစ်သည့်အတွက် သဂြိုလ် မည့် ကိစ္စအ၀၀အတွက်လည်း လူမှုရေးဝတ္တရားမပျက် ရှိပါကြောင်း ဤကိစ္စကို လိုက်ပါဆောင်ရွက်နေသော မြို့ မကျောင်းတိုက်မှ ဦးပဇင်းတစ်ပါးက ပြောပြသည်။

ယာဉ်မောင်း ဦးဟောင်းလွမ်းအား လားရှိုးမြို့ နယ်မြေရဲစခန်းက (ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရအမှုဖွင့် အရေးယူထားခဲ့ရာမှာ ရှင်သုစိတ္တပျံတော် မူပြီးနောက် ယနေ့ နံနက် ၆း၀၀ နာရီခန့် တွင် ပြစ်မှုပုဒ်မ ၃၀၄-က အရ ထပ်မံ အမှု ဖွင့်ကာ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး လမ်းဖြတ်ကူးသူအား ၀င်ရောက်
တိုက်မိ ဒဏ်ရာရ သေဆုံးစေသူ ယာဉ်မောင်း ဦးဟောင်းလွမ်းအား နယ်မြေ ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်သူကို ဥပဒေနဲ့ အညီ ဖမ်းစီး အရေးယူဆောင်ရွက်ထားပါတယ်။ ပျံတော်မူတဲ့ကိုရင်လေးရဲ့  ဈာပနကိုလည်း ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဆေးရုံတင်ထားရတဲ့ ကိုရင်လေးဆီကိုလည်း ကျွန်တော်တို့ သွားရောက်အားပေးနေပါတယ်။ ခရစ်ယာန်အသင်းကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်နေပြီး မြို့ မ ကျောင်းထိုင် ဆရာတော်ကိုလည်း အစစအရာရာ လျှောက်တင်ပြီး တိုင်ပင် ဆောင်ရွက်နေပါတယ်ဟု လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူးတင်ဖေ၀င်း က ပြောပြ၍ သိရသည်။

ပျံတော်မူသွားသော ကိုရင်အရှင်သုစိတ္တအား ယနေ့  ဖေဖော်ဝါရီ (၂) တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

မာန်ဟုန်ချီ
Lashio News Diary
https://www.facebook.com/lashio.news.city
လမ်းကူးရန် စောင့်ဆိုင်းနေသော ကိုရင်နှစ်ပါးအား ယာဉ်တိုက်မိရာ တစ်ပါးပျံတော်မူ လမ်းကူးရန် စောင့်ဆိုင်းနေသော ကိုရင်နှစ်ပါးအား ယာဉ်တိုက်မိရာ တစ်ပါးပျံတော်မူ Reviewed by သစ်ထူးလွင် on 19:31 Rating: 5
Powered by Blogger.