ဝှိုက်ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုထားသည့် ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက် မပျက်ပြယ်သေး

ပုံ-၀ှိုက်ကဒ်ကိုင်ဆောင်သူ မဲပေးခွင့်ပြုသည့်အဆိုအား ရဟန်းရှင်လူ ၁၀၀၀ နီးပါ ကန့်ကွက်ဆန္ဒပြခဲ့သည်ကို တွေ့ရစဉ် ( ရန်ကုန်၊ ဖော်ဝါရီ ၁၁ ရက်)
ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ သက်တမ်းကုန်ဆုံးမည့် ရက်သတ်မှတ်သည့် နိုင်ငံတော်သမ္မတ၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ်ပြန်ကြေညာချက်ကြောင့် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုထားသည့် ပြည် ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်မှာ ပျက်ပြယ်သွားခြင်း မရှိသေးဘဲ အခြေခံ ဥပဒေခုံရုံး၏ အဆုံးအဖြတ်ပေါ်တွင်မူတည် နေကြောင်းသိရသည်။

ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိ မရှိကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြည့်သူ့လွှတ်တောမဥက္ကဌသူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အဆုံးအဖြတ်တောင်းခံထားချိန်တွင် နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခြင်းအပေါ် မေးမြန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ပြည်ထောင်စုလွှတ်တော်နာယက ကနေပြီးတော့ ဒီမဲပေးခွင့်နဲ့ပတ်သက်ပြီး အခြေခံဥပဒေခုံရုံးကို ဆုံးဖြတ်ပေးဖို့ မေးထားပါတယ်။ ယာယီသက်သေခံလက်မှတ်သက်တမ်း ကုန်တဲ့နေ့က မတ်လ ၃၁ မှာ ကုန်တဲ့အတွက် ဒီကုန်တဲ့ လက်မှတ်နဲ့ဘယ်လိုမဲလာပေးလို့ ရမလဲ။ ပြည်ထောင်စုလွှတ်တော်ရဲ့မဲ ပေးခွင့်ဆုံးဖြတ်ချက်ကတော့ မပျက်ပြယ်သေးဘူး။ ခုံရုံးကဆုံးဖြတ်မှ ပျက်ပြယ်မှာ။ သူ့အဆုံးအဖြတ်ပဲ။ ယာယီ သက်သေခံလက်မှတ်ကို အကြာကြီးပေးထားခဲ့တာကိုက ဒီကိစ်္စနဲ့ပတ်သက်တဲ့တာဝန်ရှိသူတွေရဲ့ အားနည်းချက်ပေါ့” ဟု ၄င်းက News Watch သို့ ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများ လုပ်နေတဲ့အချိန်တွင် ယာယီသက်သေခံလက်မှတ် White Card ကို ထုတ်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်င့တွင် ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူဦးရေ ၁သန်းကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏စာရင်းအရ သိရသည်။

နိုင်ငံတော်သမ္မရုံးမှတာဝန်ရှိသူတဦးဖြစ်သူ ဦးဇော်ဌေးက “ဒီကြေညာချက်အရ မတ်လ ၃၁ ရက်နေ့မှာ ၀ှိုက်ကတ်ဆိုတာ မရှိတော့ဘူး။ ဘယ်သူမှ တရားမ၀င်တော့ဘူး။ ဥပဒေကြောင်းအရ မရှိတော့ဘူး။ ဒီတော့ ၀ှိုက်ကတ်မဲပေးခွင့်ဆိုတာ မရှိတော့ဘူးပေါ့။ ဥပဒေနဲ့အညီ စိစစ်ပြီးတော့မှ ညီတယ်ဆိုရင် နိုင်ငံသားပေးမယ်။ အဲဒီလိုမဟုတ်လို့ တိုင်းရင်းသားထဲမှာမရှိတဲ့ လူမျိုးအနေနဲ့မှ အစစ်ခံမယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူး။ မေလ ၃၀ ရက်နေ့ ရောက်ရင် သူတို့အနေနဲ့ ID မဲ့ ဖြစ်သွားမယ်။ ဘာ ID မှမရှိတဲ့သူတွေဖြစ်သွားမယ်။ သူတို့ကို ဘယ်လိုသတ်မှတ်မလဲဆိုတာက ကော်မရှင်ဖွဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမယ်ပေါ့။ ဒီတော့ ၀ှိုက်ကတ်ကိုမဲပေးခွင့်ပြုထားတယ်။ ဒါပေမဲ့ ၀ှိုက်ကတ်မရှိတော့ရင် ဘယ်လိုမဲပေးမလဲ။ ၀ှိုက်ကတ်တွေက နည်းလမ်းပေါင်းစုံနဲ့ ထုတ်ပေးခဲ့တာ။
ဘင်္ဂါလီအနေနဲ့ကော ဘင်္ဂါလီမဟုတ်တဲ့တိုင်းရင်းသားအနေနဲ့ ကော ထုတ်ပေးခဲ့တာရှိတယ်။ အောက်ခြေမှာ ကွင်းဆင်းဆောင်ရွက်တော့ နှောင့်ယှက်တိုက်ခိုက်တာတွေရှိတယ်။ အဲဒါကို အတင်းလုပ်ရင် ပဋိပက္ခတွေပြင်းထန်လာနိုင်တယ်။ ဒါကိုအကောင်းဆုံးနည်းလမ်းတခုအနေနဲ့ ၀ှိုက်ကတ်ကိုဖျက်ပစ်လိုက်ဆိုပြီး သမ္မတကြီးကနေ အကုန်လုံးဖျက်လိုက်လို့ပြောတာ”ဟု ပြောကြားသည်။

ဝှိုက်ကတ်ကိုင်ဆောင်ထား သူများမဲပေးခွင့်ပြုခဲ့ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုများရှိနေခဲ့ပြီး ရခိုင်ပြည်နယ်နှင့်အခြား နေရာများတွင်လည်း ဆက်လက် ဆန္ဒဖော်ထုတ်သွားရန်ရှိကြောင်းသိရသည်။

နဒီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဝှိုက်ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုထားသည့် ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက် မပျက်ပြယ်သေး ၀ှိုက်ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုထားသည့် ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက် မပျက်ပြယ်သေး Reviewed by သစ်ထူးလွင် on 21:09 Rating: 5
Powered by Blogger.