ချင်းပြည်နယ် ဟားခါးမြို့ ရှိ လက်ဝါးကားတိုင် စိုက်ထူခွင့် ရရှိနိုင်ရေး အတွက် ပြည်နယ်အစိုးရက ဟားခါးမြို့ ရှိ (Hakha Christian Ministry Fellowship- HCMF) တာဝန်ရှိသူများကို မှတ်ပုံတင် လျှောက်ခွင့် ပြု လိုက် ကြောင်း သိရသည်။
”အခုဟာက လက်ဝါးကားတိုင် နေရာကို ခွင့်ပြုပြီ လို့ ပြောလို့  မရသေးဘူးကွ။ ပြည်နယ် လွှတ်တော်ရဲ့  ဆုံးဖြတ်ချက် အရပေါ့နော်၊ HCMF တာဝန်ရှိသူတွေကနေ သက်ဆိုင်ရာ ဌာနကို လျှောက်လွှာတင်မည်၊ ဒါကို ခွင့်ပြုမည်လို့  သိရတယ်။ လျှောက်လွှာ တင်ခိုင်းတဲ့ အဆင့်ဘဲရှိသေးတယ်။” ဟု ဟားခါးမြို့  ဒေသတစ်ဦး ကဆိုသည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၃၀) ရက်နေ့  ချင်းပြည်နယ် လွှတ်တော် အစည်းဝေးက လက်ဝါးကားတိုင် စိုက်ထူခွင့် တရားဝင်ခွင့်ပြုပေးရန် သဘောတူထားကြောင်း၊ ယင်းသို့  တရားဝင် ခွင့်ပြုနိုင်ရန် အတွက် HCMF တာဝန်ရှိသူ များမှ မှတ်ပုံတင်ခွင့် လျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။
ဟားခါးမြို့ ရှိ လက်ဝါးကားတိုင်စိုက်ထူခဲ့သည့် Pu J Biak Tin Sang က ဆုတောင်းပြည့်တောင်ကုန်းတွင် စိုက်ထူ ခဲ့သော လက်ဝါးကားတိုင်နှင့် နေရာ (၃) ဧက ကို HCMF ထံလုပ်ဆောင်ခွင့် ပေးအပ်ပြီးဖြစ် သည့်အတွက် ယခုကဲ့သို့  HCMF မှ လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်နယ် ၀န်ကြီး ဦးကျော်ငြိမ်း၏ ပြောကြား ချက်ကို ကိုးကားပြီး The Chin land Post သတင်း စာတွင် ဖေါ်ပြထား သည်။
ထို့ အပြင် လက်ဝါးကားတိုင်ရှိသည့် နေရာ အနီးရှိ မြေနေရာတစ်ခုကိုလည်း ၂၀၁၂ ခုနှစ် ကတည်းက ဗုဒ္ဒဘာသာ ၀င်များ မှ စေတီဆောက်လုပ်ရန် လျှောက်ထားခြင်း ကိုလည်း လွှတ်တော်က တပါတည်း ခွင့်ပြု လိုက်ကြောင်းသိရ သည်။
” ဒါပေမဲ့ လက်ဝါးကားတိုင် ပြောင်းရွှေ့ ဖို့  အမိန့် ကို ပြန်ရုတ်သိမ်းပြီးတော့ လျှောက်လွှာတင်ခိုင်းတဲ့ အဆင့် ရောက် အောင် လွှတ်တော်က ဆုံးဖြတ်တာကတော့ ကြိုဆိုရမှာဘဲ။ နောက်မှ ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကိုတော့ စောင့်ကြည့်ရအုံးမှာဘဲ” ဟု အဆိုပါ ဒေသခံကဆိုသည်။
ဦးဟုန်းငိုင်း ဦးဆောင်သည့် ချင်းပြည်နယ် အစိုးရက ဟားခါးမြို့ ရှိ လက်ဝါးကားတိုင်ကို ဇန်န၀ါရီလ (၃၀) ရက်နေ့  နောက်ဆုံးထား၍ ပြောင်းရွှေ့ ပေးရန် ဇန်န၀ါရီလ (၁၃) ရက်နေ့ တွင် အမိန့် ထုတ်ခဲ့သည်။
ယခုကဲ့သို့  လွှတ်တော်က ဆုံးဖြတ်ခြင်းကြောင့် ဟားခါးမြို့ ရှိ ခရစ်ယာန်ဘာသာဝင်များမှ ဆန္ဒဖေါ်ထုတ်ရေး အစီအစဉ် ကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
Khonumthung News Group
http://www.khonumthungburmese.org/?p=4802
ဟားခါးမြို့ လက်ဝါးကားတိုင်မြေနေရာ အတွက် မှတ်ပုံတင် လျှောက်ခွင့်ပြု
Reviewed by သစ်ထူးလွင်
on
14:24
Rating: