ရထားတွဲသန့်စင်ခန်း အတွင်း မွေးဖွားပြီး လမ်းပေါ်ကျ သွားသည့် ကလေး အသက်ရှင်


ရာဂျက်စသန် ဖေဖော်ဝါရီ ၁၇

အိန္ဒိယနိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ရထားတွဲသန့်စင်ခန်းတစ်ခန်း တွင် ကလေးမွေးဖွားခဲ့ပြီးနောက် မွေးကင်းစကလေးမှာ ရထားသံလမ်းများကြား ကျရောက်သွားခဲ့သော်လည်း အသက်ရှင်ခဲ့သည်။

မာနူအမည်ရှိ အမျိုးသမီးသည် ရထားတွဲသန့်စင် ခန်းအတွင်း ကလေးမွေးဖွားပြီး နောက် သတိလစ်နေခဲ့သည်။ မာနူသည် ယခုအခါ သူ၏ သားငယ်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရပြီဖြစ်သည်။

ရထားလမ်းအနီးရှိ ကုန်လှောင်ရုံ စောင့်တစ်ဦးက ကလေးငိုသံကြား ရသည့်အတွက် မီးရထားတာဝန်ရှိသူများကို အသိပေးအကြောင်းကြား ခဲ့ပြီးနောက် ကလေးကိုကယ်တင်ထား ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ရထားတွဲ သန့်စင် ခန်းအများစုမှာ လမ်းပေါ်သို့တိုက် ရိုက်စွန့်ချရသည့် အပေါက်ဖြစ်သည့် အတွက် အလားတူဖြစ်ရပ်များ ယခင် ကလည်းဖြစ်ခဲ့ဖူးသည်။ ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မာနူသည် မိခင်နှင့်အတူ ဆူရတ်ဂါမြို့မှ ဟနူမန်ဂါမြို့သို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးရထားတာဝန်ရှိသူများက ပြောကြားသည်။

ကလေးကို ဒါဘလီရာသန်ဧရိယာ အတွင်း မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသည် ဟနူမန်ဂါဘူတာရုံမှ မိုင်အနည်းငယ်ကွာဝေးသည်။ ဟနူ မန်ဂါမြို့သို့ ရထားရောက်ရှိသည့် အခါ မိခင်ဖြစ်သူ မာနူကို ဟနူ မန်ဂါမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကလေးငယ်ကိုကယ်တင်ပြီး ရှေးဦးစွာ ဒေသဆိုင်ရာဆေးရုံတစ်ခု သို့ပို့ဆောင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် မိခင်ရှိရာဆေးရုံသို့ ပြောင်းရွှေ့ ပေးခဲ့ကြောင်း အနောက်မြောက်ပိုင်း ရထားလမ်းပိုင်းဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ တာရန်ဂျိမ်းက ဘီဘီစီသို့ ပြောကြားသည်။

ယခုအခါ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ကြောင်း ဟနူမန်ဂါမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ အက်စ်ပီရိုဟီလာက ပြောကြားသည်။

ကလေးငယ်သည် ဒဏ်ရာ ပြင်းပြင်းထန်ထန်မရရှိခဲ့သကဲ့သို့ စမ်းသပ်စစ်ဆေးမှုအားလုံးတွင် လည်း ပုံမှန်အခြေအနေတွင် ရှိနေခဲ့ ကြောင်း၊ သို့သော် ကိုယ်အလေးချိန် မှာနည်းပြီး နှစ်ကီလိုဂရမ်(၄ ဒသမ ၄ ပေါင်)သာရှိသည့်အတွက် ဂရုစိုက် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း မွေးကင်းစကလေး ပြုစုစောင့်ရှောက် ရေးဌာနမှ ဒေါက်တာ ဘီဂျာနီရာက ပြောကြားသည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရထားတွဲသန့်စင်ခန်း အတွင်း မွေးဖွားပြီး လမ်းပေါ်ကျ သွားသည့် ကလေး အသက်ရှင် ရထားတွဲသန့်စင်ခန်း အတွင်း မွေးဖွားပြီး လမ်းပေါ်ကျ သွားသည့် ကလေး အသက်ရှင် Reviewed by သစ်ထူးလွင် on 02:27 Rating: 5
Powered by Blogger.