ပန်းဆေးဒေသ၌ အစိုးရစစ်တပ် နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား


ဂျန္န၀ါရီလ ၂၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ပန်းဆေးဒေသ၌ အစိုးရ စစ်တပ် နှင့် တအာင်း လွတ်မြောက်ရေး တပ်မ တော်TNLA တို့ ၂၅ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွား နေကြောင်း သတင်းရရှိ သည်။

အစိုးရတပ်ဘက်မှ အင်အားစစ်သည်အင်အား(၃၀၀)ထက်မနဲဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများလည်းပစ် ခတ်အသုံးပြုကြောင်း တပ်မ(၈၈)မှ တပ်ဖွဲ့များဖြစ်ကြကြောင်း တအာင်းလွှတ်မြောက်ရေးတပ်မတော်TNLA သတင်းပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော် ကဆိုသည်။

“ ၂၅ ရက်ညမှာတော့တိုက်ပွဲနှစ်ကြိမ် မနေ့ကမနက်မှာတစ်ကြိမ် ဖြစ်ပွားတယ်၊ ပထမစဖြစ်တဲ့တိုက်ပွဲကတော့ ပန်းဆေးရွာမှာလေ။ ညနေ ၆ နာရီမှ ည ၈ နာရီထိ။ အစိုးရဘက် က ၄ ဦးကျတယ်လို့ သတင်းရရှိထားတယ် ကျနော်တို့ဘက်က တော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူး ”

ယမန်နေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့၏တောင် ဘက်ခြမ်း တောင်ပေါ်ဘက်မှ လက်နက်ကြီး ပစ်ခတ် ပေါက်ကွဲသံ (၅)လုံးထက်မနဲကြားနေရကြောင်း မူစယ်မြို့ ဆေးရုံကြီး၌လည်း ဒဏ်ရာရရှိသော အစိုးရစစ်သား (၄) ဦးခန့်ရောက်ရှိနေကြောင်း အမည်မဖော်လိုသောနမ့်ခမ်းဒေသခံတစ်ဦးကပြောသည်။

“ဒုတိယပွဲကတော့ ည ရှစ်နာရီခွဲမှ ည ၁၀နာရီ အထိတိုက်ပွဲဖြစ်ပွားကြတယ်၊အဲ့တိုက်ပွဲ ကျော်နန်းရွာနားမှာပဲ ၊ နှစ်ဖက်တပ်ထိခိုက်ဒဏ်ရာရရှိမှုစာရင်း တော့ခုထိမရသေးဘူး” ဟု ၄င်းကဆိုသည်။

တအာင်းတပ်မတော်မှ အဆိုပါပန်းဆေးဒေသအတွင်း ဘိန်းစိုက်ခင်းများကွင်းဆင်းဖျက်ဆီးရာတွင် အစိုးရတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့က အစိုးရဘက်မှ စစ်ကြောင်း ၅ ကြောင်းအားဖြည့်ထိုးစစ်ဆင်လာသဖြင့် တအာင်းတပ်မတော်ဘက်မှ ဘိန်းစိုက်ခင်းဖျက်ဆီးမှုခေတ္တရပ်ဆိုင်းထားကြောင်း တအာင်းတပ်မတော်၏ သတင်းပြန်ကြားရေးမှူးက ဆက်လက်ပြောပြသည်။

ပန်းဆေးဒေသတွင် ဘိန်းစိုက်ဧက (၁၀၀၀) ကျော်စိုက်ပျိုးထားသည်ဟု တအာင်းတပ်မတော်မှ သိရှိထားသည်ဖြစ်ရာ ယခုနှစ် (TNLA)အနေဖြင့် ဘိန်းခင်းဧကပေါင်း (၃၀၀)ကျော် ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း TNLA မှသတင်းပေးပို့ချက်အရသိရပါသည်။

ပန်းဆေးဒေသ နှင့် နမ့်ခမ်းမြို့သည် (၁၅) မိုင် ခန့်သာကွာဝေးပြီး တိုက်ပွဲကြောင့် ပန်းဆေးအုပ်စု ဒေသခံများသည် နီးစပ်ရာ နမ်ခမ်းမြို့ရှိဆွေမျိုးအိမ်များသို့ တိမ်းရှောင်ခိုလှုံခဲ့ကြသည်။

ယခုလက်ရှိတိုက်ပွဲဖြစ်ပွားနေသောနေရာသည် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မြင့် ဦးဆောင်သောပန်း ဆေး ပြည်သူ့စစ်ဌာနချုပ်ဖြစ်ပြီး စီဂျာပေါ့၊တာကောက်၊ပန်မောဝ်၊ပန်မူနှင့်ကျော်နန်းရွာတို့ဖြစ်ကြကြောင်း၊ အစိုးရ စစ် တပ် နှင့် တိုင်းရင်းလက်နက်ကိုင်တပ်ပေါင်းစုများလှုပ်ရှားရာဒေသလည်းဖြစ် ပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း
https://www.facebook.com/Panglong.burmese
ပန်းဆေးဒေသ၌ အစိုးရစစ်တပ် နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား ပန်းဆေးဒေသ၌ အစိုးရစစ်တပ် နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.