The Interview အခွေ ရန်ကုန်မှာသိမ်းဆည်း


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un ကို လုပ်ကြံဖို့ အကြောင်း ရိုက်ကူးထားတဲ့ The Interview ဇာတ်ကား ရောင်းချတဲ့ဆိုင်တွေကို အာဏာပိုင်ရဲတွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ အခွေရောင်းချ သူတွေက ပြောပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ ရဲတပ်ဖွဲ့က ဆင်ဆာမဲ့ အခွေတွေကို လိုက်လံ ဖမ်းဆီးတာ ဖြစ်တယ်လို့လည်း အနောက်ပိုင်းခရိုင် ရဲမှူးကြီးတဦးက ပြန်လည် တုံ့ပြန်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိရေးပြီး စာအုပ်ထုတ်ခဲ့စဉ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံရုံးက ဒီစာအုပ်ကို မဖြန့်ဖို့ ဖိအားပေးခံခဲ့ရဖူးတယ်လို့ စာရေးဆရာ ဦးဟိန်းလတ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးက ဖြန့်ချိပြီး အငြင်းပွားစရာ အခြေအနေတွေရှိခဲ့လို့ ရုံတင်ပြဖို့ အခက်အခဲ ရှိခဲ့တဲ့ထိဖြစ်တဲ့ The Interview ဇာတ်ကားကို ရောင်းချတဲ့ အခွေဆိုင်တွေကို ရဲတွေက လိုက်လံ ဖမ်းဆီးတဲ့အတွက် ဒီရက်ပိုင်း အခွေဆိုင်တွေ ပိတ်ထားရတယ်လို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ I-Movie အခွေဆိုင်က တာဝန်ခံတဦးက ပြောပါတယ်။

ဖြေ။    ။ “ခွေက ၂ ရက် ၃ ရက်လောက်တော့ ရှိပြီ။”

မေး။    ။ ဘာကြောင့် ဖမ်းနေတာလဲခင်ဗျ။

ဖြေ။    ။ “Interview နဲ့ ပတ်သက်ပြီးတော့ အဲဒီအခွေတွေ လိုက်ဖမ်းနေတာ။”

မေး။    ။ အရင်က မြန်မာစာတမ်းထိုး အခွေတွေနဲ့ မြန်မာသီချင်းခွေတွေကိုပဲ ဖမ်းတာမဟုတ်လား။ အခုက အင်တာဗျူးရောင်းလို့ ဖမ်းတယ်လို့ ပြောချင်တာလားခင်ဗျ။

ဖြေ။    ။ “လမ်းဘေးဆိုင်တွေမှာတော့ ဖမ်းတာရှိတယ်အကို ဒီမြန်မာCopy နဲ့ ပတ်သက်လို့ရှိရင်၊ အချို့ပါတဲ့ ဆိုင်တွေက ပါကုန်တယ်။ Interview အဓိက လိုက်ဖမ်းနေတာ”

ပုံမှန်အားဖြင့်တော့ ရန်ကုန်မြို့ပေါ်မှာ အခွေဆိုင် ဒိုင်ကြီးတွေနဲ့ လမ်းဘေးမှာ ရောင်းချတဲ့ အခွေဆိုင်တွေဆိုပြီး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ရဲလိုင်စင်ကြေးပေးပြီးတော့ ရောင်းချနေတာပါ။ ဒါပေမဲ့ The Interview ဇာတ်ကားကို ဖြန့်ချိခွင့်ပြုပြီး နိုင်ငံတကာမှာ စတင်ရောင်းချချိန်ကစလို့ မြန်မာနိုင်ငံမှာ ကူးခွေအရောင်းဆိုင်တွေမှာလည်း ဒီအခွေတွေ ရောင်းချခဲ့သလို ပြည်တွင်းက ရုပ်ရှင် ပရိတ်သတ်တွေကလည်း ဝယ်ယူကြည့်ရှုမှုနဲ့ စိတ်ဝင်စားမှု တိုးခဲ့ပါတယ်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ရဲမှူးကြီး ဝင်းကြည်ကတော့ စီမံချက်အရ ခိုးကူးခွေဆိုင်တွေကို ဒီရက်ပိုင်းလိုက်ဖမ်းတာဖြစ်ပြီးတော့ The Interview နဲ့ ပတ်သက်မှု မရှိဘူးလို့ ပြန်လည် ဖြေဆိုပါတယ်။

 “မဟုတ်ဘူးလေ။ ကျနော်တို့ ကြိုတင်ကာကွယ်မှု ၁ဝ မျိုးရှိတယ်။ အဲဒီ ကြိုတင်ကာကွယ်မှု ၁ဝ မျိုးထဲမှာ ဗွီဒီယို ဆင်ဆာမဲ့တွေနဲ့ ပတ်သက်လို့ ဒါလည်း တစ်မှုအနေနဲ့ ကျနော်တို့ ဖမ်းရတာပေါ့။ ကျနော်တို့က လစဉ်၊ အပတ်စဉ်၊ နေ့စဉ်နီးပါး ကျနော်တို့ မဖမ်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျနော် မြန်မာခိုးကူးခွေတွေ နောက် မြန်မာသီချင်းခွေတွေ အဲဒါတွေ ခိုးကူးချိန်မှာ ရုပ်ရှင်နဲ့ ဗွီဒီယို အစည်းအရုံးက ထိခိုက်နစ်နာမှုတွေ အများကြီးရှိတာပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ဥပဒေနဲ့အညီ အရေးယူတာပါ။ လမ်းဘေးရောင်းရောင်း၊ အိမ်ထဲမှာပဲ ထည့်ရောင်းရောင်း၊ ဆိုင်မှာတင်ရောင်းရောင်း ဆင်ဆာမဲ့ ဗွီဒီယိုဆိုရင် အကုန်ဖမ်းတယ်။ ညစ်ညမ်းဗွီဒီယိုဆိုရင် အကုန်ဖမ်းတယ်။”

ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာပြန်ပြီး မြန်မာဘာသာနဲ့ တရားဝင် စာအုပ်ထုတ်ခဲ့ချိန်ကလည်း မြောက်ကိုရီးယား သံရုံးက စာရေးသူ ဦးဟိန်းလတ်ဆီက စာအုပ် ၄ဝဝ ကျော်ကို လာရောက် သိမ်းယူပြီး ဆက်လက် မဖြန့်ချိဖို့ ဖိအားပေးတာ ကြုံခဲ့ရဖူးတယ်လို့ ဦးဟိန်းလတ်က ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ ခေါင်းဆောင်ရဲ့ အဖေ Kim Jong-il အကြောင်းကို ကျနော်ရေးတယ်။ ‘ချစ်လှစွာသော ခေါင်းဆောင်’ ဆိုပြီးရေးတယ်။ အဲဒီတုန်းက စာပေစိစစ်ရေးကလည်း ရှိသေးတော့ စာပေစိစစ်ရေးကို တင်တယ်။ သူတို့ကလည်း သေချာဖတ်တယ်။ ဖြတ်စရာရှိတာလည်း ဖြတ်တယ်။ ဖြတ်တောက်ပြီးတော့ သူတို့ချပေးတဲ့ဟာကို ကျနော် စာအုပ်ထုတ်တယ်။ စာအုပ်ထုတ်ပြီး ၁ လလောက်လည်းကြာရော မြောက်ကိုရီးယားသံရုံးက ကျနော့်ကို လာမေးတယ်။ အဲဒီစာအုပ်ကို ခွင့်မပြုနိုင်ဘူးတဲ့၊ ကျန်တဲ့သူတွေ ရေးလို့ မရဘူးဆိုပြီးတော့ စာအုပ် ၄ဝဝ သိမ်းသွားတယ်ပေါ့နော်။ ဖျက်ဆီးပစ်တာပေါ့နော်။ ကျနော်လည်း အရှည်အရှည် မဖြစ်ချင်တော့လေ။ စာပေစိစစ်ရေးကို ခွင့်ပြုပြီးထုတ်တာပဲ၊ နိုင်ငံတော် အချုပ်အချာအာဏာကို ဆော်ကားတာလို့ ပြောနေလည်း မရဘူး။ စကားနဲ ရန်ဆဲ မပြောချင်တော့လို့ ကျနော်လည်း ပေးလိုက်တယ်။”

နိုင်ငံတကာ ဇာတ်ကားတွေကို မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလေ့ရှိတဲ့အတွက် The Interview ဇာတ်ကားကိုလည်း ရုံတင်မလားဆိုပြီးတော့ အများက စိတ်ဝင်းစားနေကြတာပါ။ ဒါပေမဲ့ ဒီနေ့ထိတော့  မြန်မာနိုင်ငံက ပုဂ္ဂလိက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတာမျိုး လုံးဝ မရှိသေးပါဘူး။

အခု အာဏာပိုင်ရဲတွေက အခွေဆိုင်တွေကို စီမံချက်နဲ့ လိုက်ဖမ်းနေတာဟာ မြောက်ကိုရီးယား သံရုံးရဲ့ ဖိအားပေးတာကြောင့်လို့လည်း သတင်းမီဒီယာအချို့မှာ ရေးသားဖော်ပြတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား သံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

ဒီရုပ်ရှင်ထဲမှာ အမေရိကန်သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယားခေါင်းဆောင်ကို အင်တာဗျူးလုပ်အပြီးမှာ လုပ်ကြံဖို့ကြံစည်တဲ့အကြောင်း ဟာသလုပ် ရိုက်ကူးထားတာပါ။ မြောက်ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေလည်း ဒီလအစောပိုင်းမှာပဲ ဖောက်ထွင်းတာခံခဲ့ရပြီး အဖိုးတန် သတင်းအချက်အလက်တွေနဲ့အတူ လျှို့ဝှက်အချက်အလက်တွေပါ ခိုးယူတာခံခဲ့ရတာပါ။

ဒီဆိုဒ်ဘာတိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပေမဲ့ မြောက်ကိုရီးယားက ဒါကို ငြင်းဆိုပါတယ်။အမေရိကန် သမ္မတ Barack Obama ကလည်း ဆိုနီကုမ္ပဏီအနေနဲ့ ဒီဇာတ်ကားကို ရုံတင်ပြသဖို့နဲ့ ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုတယ်လို့လည်း ပြောခဲ့ဆိုပါတယ်။

အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/the-interview-burma/2597838.html
The Interview အခွေ ရန်ကုန်မှာသိမ်းဆည်း The Interview အခွေ ရန်ကုန်မှာသိမ်းဆည်း Reviewed by သစ်ထူးလွင် on 22:23 Rating: 5
Powered by Blogger.