ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးအား ပြင်သစ်ရဲဌာန ထုတ်ဖော်ပြောကြား


ပဲရစ်၊ ဇန်န၀ါရီ ၈

ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသရှိသော ညီအစ်ကို နှစ်ဦးတို့၏ အမည်များအား ပြင်သစ်ရဲဌာနက ထုတ်ဖော်ပြောကြားလိုက်ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ရှရစ်ဖ်နှင့် ဆတ်ကွာချီတို့၏ ဓာတ်ပုံများကို ထုတ်ပြန်၍ ၎င်းတို့သည် လက်နက်ကိုင်များဖြစ်ကာ အန္တရာယ်ရှိကြောင်းနှင့် ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားလိုက်ခြင်း ဖြစ်သည်။ သံသယရှိထားသူ သုံးဦးအနက် တဦး လာရောက် ဖမ်းဆီးခံထားကာ အဆိုပါ နှစ်ဦးမှာ လွတ်မြောက်နေခြင်း ဖြစ်သည်။

သရော်စာများကို ရုပ်ပြကာတွန်းတို့နှင့် ချယ်မှုန်းဖော်ပြသည့် အပတ်စဉ်ထုတ် အထက်ပါ မဂ္ဂဇင်းဌာနတွင် အလုပ်လုပ်နေသော အယ်ဒီတာနှင့် ကာတွန်းဆရာ စုစုပေါင်း ၁၂ ဦး ယမန်နေ့က သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယနေ့ မွန်းတည့်ချိန်က နိုင်ငံတ၀န်းလုံးတွင် အဆိုပါ ဖြစ်စဉ်အတွက် ၀မ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူများ တမိနစ် တိတိ ငြိမ်သက်နေခဲ့ကြကာ ပဲရစ်မြို့ရှိ နော်တာဒိမ်း ဘုရားကျောင်းတွင်းလည်း ခေါင်းလောင်းများ ထိုးခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တော် အရှေ့ပိုင်းတွင် အဓိက တပ်ဖြန့်၍ တညလုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။

ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှု သတိပေးနှိုးဆော်ချက်များ အမြင့်မားဆုံး ပြုလုပ်ထားရပြီး ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်း သတင်းမီဒီယာ ဌာနများ၊ ဘာသာရေး အဆောက်အအုံများ၊ ခရီးသွားလာရေး ဌာနများနှင့် အခြား ထိခိုက်လွယ်သည့် နေရာများတွင် တပ်ဖြန့်၍ လုံခြုံရေး ချထားလျက်ရှိသည်။

ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးအား ပြင်သစ်ရဲဌာန ထုတ်ဖော်ပြောကြား ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးအား ပြင်သစ်ရဲဌာန ထုတ်ဖော်ပြောကြား Reviewed by သစ်ထူးလွင် on 13:53 Rating: 5
Powered by Blogger.