ရေနံဈေးကျရခြင်း၏ နောက်ကွယ်မှ နိုင်ငံများသာ ပိုမိုအထိနာမည် ဖြစ်ကြောင်း အီရန်သမ္မတ သတိပေး


ကမ္ဘာ့ရေနံဈေး ကျရခြင်း၏ နောက်ကွယ်မှ နိုင်ငံများသည် ၎င်းတို့လုပ်ရပ်အတွက် နောင်တ ရကြရ လိမ့်မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံနှင့်အတူ ဆော်ဒီအာရေး ဘီယား၊ ကူဝိတ်နိုင်ငံ များသည်လည်း ရေနံဈေး ကျခြင်းကြောင့် အထိနာမည် ဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရူဟာနီ က ဇန်န၀ါရီရက်နေ့တွင် သတိပေး ပြောကြားသည်။

ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးသည် ၆နှစ်တာကာလအတွင်း အနှိမ့်ဆုံးအနေအထားသို့ရောက်ရှိနေစဉ်တွင် “အခြားနိုင်ငံတွေနဲ့ဆန့်ကျင်ပြီး ရေနံဈေးကျအောင် စီစဉ်လုပ်ကိုင်ခဲ့တဲ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် သူတို့ နောင်တရလိမ့်မယ်” ဟု ရူဟာနီ က နိုင်ငံပိုင်ရုပ်သံလိုင်းမှ လွှင့်ထုတ်ခဲ့သော မိန့်ခွန်းတွင် ပြောခဲ့သည်။
“တကယ်လို့ ရေနံဈေးကျလာလို့ အီရန်နိုင်ငံအနေနဲ့ အထိနာမယ်ဆိုရင် ဆော်ဒီအားရေးဘီးယားနဲ့ ကူဝိတ်တို့လို တခြားရေနံထုတ်လုပ်တဲ့နိုင်ငံတွေအနေနဲ့ အီရန်ထက်ပိုပြီး ထိခိုက်မှုရှိလာမယ်ဆိုတာကို သိထားကြစမ်းပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ကမ္ဘာ့ရေနံဈေးသည် ၂၀၁၄ ဇွန်လတွင် အမြင့်ဆုံးဖြစ်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၏ ယှေးလ်ရေနံထုတ်လုပ်မှုကြောင့် ထုတ်လုပ်မှုပမာဏမြင့်တက်လာခြင်းနှင့် ဥရောပနှင့် အာရှမှ ၀ယ်လိုအားသည်လည်း မျှော်လင့်ထားသည်ထက် ကျဆင်းခဲ့ရခြင်းတို့ကြောင့် ယခုအခါ ၆၀%ခန့် ကျသွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေနံဈေးနူန်း ၆လ ဆက်တိုက်ကျဆင်းလာခြင်းအပေါ် ဆော်ဒီအာရေးဘီယားက တုံ့ပြန်မှုတစုံတရာ မပြုလုပ်ခဲ့ခြင်းသည် ဗျုဟာမြောက်အမှားဖြစ်ကြောင်း ယခုလအစောပိုင်းက အီရန်က ထုတ်ဖော်ပြောခဲ့သေးသည်။

ကူဝိတ်နှင့် ဆော်ဒီအာရေးဘီးယားတို့၏ ရေနံတင်ပို့မှုမှရရှိသည့် ဘက်ဂျက်ပမာဏ(ရေနံတင်ပို့မှုအပေါ် မှီခိုနေရမှု)ကို ရူဟာနီက အင်္ဂါနေ့က ရွေးထုတ်ပြောဆိုခဲ့သည်။
သတင်းအချက်အလက်များအရ ဆော်ဒီအားရေးဘီးယားနိုင်ငံဘက်ဂျက်၏ ၈၀ ရာခိုင်နူန်း၊ ကူဝိတ်နိုင်ငံဘက်ဂျက်၏ ၉၅ ရာခိုင်နူန်းခန့်သည် ရေနံတင်ပို့မှုမှ ရရှိနေခြင်းဖြစ်ကြောင်း ယင်းက ဘူရှီဟာမြို့မိန့်ခွန်းတွင် ပြောကြားခဲ့ပြောသည်။

Reuter သတင်းဌာန၏တွက်ချက်မှုအရ အကြမ်းဖျင်းအားဖြင့် ဆော်ဒီအာရေးဘီယားနိုင်ငံ ဘက်ဂျက်ဝင်ငွေ စုစုပေါင်း၏ ၉၀ ရာခိုင်နူန်း၊ ကူဝိတ်နိုင်ငံ ဘက်ဂျက်ဝင်ငွေ၏ ၉၂ ရာခိုင်နူန်းတို့သည် ရေနံရောင်းချရငွေမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ၏ ပို့ကုန် ၆၀ ရာခိုင်နူန်းသည် ရေနံဖြစ်ပြီး ယင်းမှ ရရှိသောဝင်ငွေသည် နိုင်ငံဘက်ဂျက်၏ ၃ ပုံ ၁ ပုံခန့်သာ ရှိသည်ဟု ရူဟာနီ က ပြောသည်။

အီရန်၏ နျူကလီယားအစီအစဉ်ကြောင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ထားရာ ၂၀၁၁ ခုနှစ်တွင် ပျမ်းမျှအားဖြင့် တနေ့လျှင် ရေနံစည် ၂.၅ သန်း တင်ပို့နိုင်ခဲ့ရာမှ တနေ့လျှင် ရေနံစည် ၁သန်းခန့်သာတင်ပို့ရသည်အထိ ကျဆင်းခဲ့ကြောင်း အမေရိကန်စွမ်းအင်သတင်းထုတ်ပြန်ရေးဦးစီးဌာန မှ သိရသည်။

အီရန်နိုင်ငံသည် ယခင်က ဈေးနူန်းမြင့်မားမှုကြောင့် တင်ပို့မှုကျဆင်းခြင်းကို ထိန်းညှိခဲ့သေးသော်လည်း ယခုတွင်မူ ယင်းသို့ ထိန်းညှိခြင်းဖြင့် ထေနိုင်သည့်အခြေအနေ မရှိချေ။

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC) က ဈေးထိန်းနိုင်ရန်အတွက် ထုတ်လုပ်မှုကို လျော့ချလိမ့်မည်မဟုတ်ကြောင်း ယူအေအီးစွမ်းအင်ဝန်ကြီးက အင်္ဂါနေ့က ပြောသည်။

ဆော်ဒီအာရေးဘီယားအပါအ၀င် ချမ်းသာကြွယ်ဝသည့် အာရပ်နိုင်ငံများသည် ရေနံဈေးကောင်းခဲ့သည့် နှစ်များအတွင်း ဒေါ်လာဘီလျံ ရာပေါင်းများစွာ စုဆောင်းထားပြီးဖြစ်သည်။

ဆော်ဒီအာဏာပိုင်များက ရေနံဈေးကွက်ကျဆင်းနေသည့်အခြေအနေကို တောင့်ခံထားနိုင်မည်ဟု ယုံကြည်နေပြီး ယခုနှစ်အတွက် အစိုးရဘဏ္ဍာသုံးစွဲမှုသည်လည်း စံချိန်တင်မည်ဖြစ်ကြောင်း သိရသည်။

Ref ; Reuter
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရေနံဈေးကျရခြင်း၏ နောက်ကွယ်မှ နိုင်ငံများသာ ပိုမိုအထိနာမည် ဖြစ်ကြောင်း အီရန်သမ္မတ သတိပေး ရေနံဈေးကျရခြင်း၏ နောက်ကွယ်မှ နိုင်ငံများသာ ပိုမိုအထိနာမည် ဖြစ်ကြောင်း အီရန်သမ္မတ သတိပေး Reviewed by သစ်ထူးလွင် on 14:50 Rating: 5
Powered by Blogger.