အရှေ့တောင်အာရှ ၏ အလိုရှိဆုံး အကြမ်းဖက်သမားကို ဖိလစ်ပိုင် တောင်ပိုင်း တိုက်ခိုက်မှုတွင် အသေဖမ်းဆီးရမိ


မနီလာ ၊ ၂၇-၁-၂၀၁၅

အရှေ့တောင်အာရှ တွင် အလိုရှိဆုံး အကြမ်းဖက် သမားဖြစ်သူ မလေးရှား နိုင်ငံသား Zulkifli bin Hir (ခေါ်) Marwan ကို ဖိလစ်ပိုင် တပ်ဖွဲ့နှင့် ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Marwan နှင့် အခြား အကြမ်းဖက် သမားတစ်ဦး ဖြစ်သူ ဘာဆစ်အူစမန် တို့သည် ဇန်နဝါရီ ၂၅ ရက်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မက်ဂွင်ဒါနာအို ပြည်နယ် မာမာဆာပါနိုမြို့ တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် အသေဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့နှစ်ဦး သည် အင်ဒိုနီးရှား အခြေစိုက် အစ္စလာမ် မီယာ အကြမ်းဖက် အဖွဲ့မှ ဗုံး အထူး ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် အမျိုးသား အထူးရဲတပ်ဖွဲ့က ဝရမ်းပြေး Marwan အား ဖမ်းဆီးရန် လာရောက်စဉ် ငြိမ်းချမ်းရေးကို မလိုလားသည့် မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး Moro Islamic Liberation Front ( MILF ) မှ ခွဲထွက် အဖွဲ့တစ်ဖွဲ့ ဖြစ်သော ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဖွဲ့ Bangsamoro Islamic Freedom Fighters (BIFF) ၏ ခုခံတိုက်ခိုက်မှု နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း MILF အဖွဲ့မှ တာဝန်ရှိသူ ဗွန်အယ်လ်ဟက် က ပြောကြားခဲ့သည်။

Marwan သည် အကြမ်းဖက်မှု များစွာကို လုပ်ဆောင်ခဲ့သူ ဖြစ်သည့်အတွက် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ငါးသန်း ထုတ်ခြင်း ခံထားရသူ ဖြစ်သည့်အပြင် အမေရိကန် ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ၏ အလိုရှိဆုံး အကြမ်းဖက် သမားစာရင်း ဝင်သူလည်း ဖြစ်သည်။ ဖိလစ်ပိုင် အစိုးရနှင့် MILF အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြားခဲ့ ရပြီးချိန်တွင် ပထမဆုံး ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှု အတွင်း ကွန်မန်ဒို ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော်သေဆုံး ခဲ့ရသည်။

PyiChitThar
http://www.pyichitthar.com/2015/01/blog-post_720.html
အရှေ့တောင်အာရှ ၏ အလိုရှိဆုံး အကြမ်းဖက်သမားကို ဖိလစ်ပိုင် တောင်ပိုင်း တိုက်ခိုက်မှုတွင် အသေဖမ်းဆီးရမိ  အရှေ့တောင်အာရှ ၏ အလိုရှိဆုံး အကြမ်းဖက်သမားကို ဖိလစ်ပိုင် တောင်ပိုင်း တိုက်ခိုက်မှုတွင် အသေဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 11:22 Rating: 5
Powered by Blogger.