လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှု ထိုင်းအစိုးရ တိုက်ဖျက်မည်


ဗန်ကောက် ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှု ရှိကြောင်း ပြသရန် အမေရိကန် ပြည်ထောင်စုက သတ်မှတ် သော နောက်ဆုံး အချိန်မတိုင်မီ ကြိုးပမ်း ချက်အနေဖြင့် ငါးဖမ်း သင်္ဘောများ ပေါ်တွင် ဂျီပီအက်(စ်)တပ်ဆင်ရမည် ဟုလည်းကောင်း၊ ဒဏ်ငွေ အမြောက်အမြား ပေးဆောင် စေရမည်ဟု လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဝန်ထမ်း ၇ဝဝ ခန့်ထားရန် ဘတ်ဂျက်ခွင့်ပြုပြီး ဖြစ်သည်ဟု လည်းကောင်း ထိုင်းအာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူကုန်ကူးသော နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ကြောင်း၊ အဓမ္မစေခိုင်းခြင်း ခံရသော အလုပ်သမားများအား လက်လွှဲလက်ပြောင်း ပြုလုပ်ရာနိုင်ငံလည်းဖြစ်ကြောင်း၊ ယင်းပြဿနာများကို တားဆီးရန် ထိရောက်သော ကြိုးစားအားထုတ်မှုမပြုလုပ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ သည်။

ထိုင်းနိုင်ငံ၌ လူကုန်ကူးခြင်းခံရသူများမှာ အိမ်နီးချင်း နိုင်ငံများမှ ဖြစ်ကြောင်း၊ ခြိမ်းခြောက်၍လည်းကောင်း၊ လိမ်လည်၍လည်းကောင်း အလုပ်သမားများအဖြစ် ခိုင်းစေကြောင်း၊ ထောင်ပေါင်းများစွာသော လူများကို အိမ်ကျွန်နှင့် ငါးဖမ်းသင်္ဘောကျွန်အဖြစ်လည်းကောင်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်းတွင်လည်းကောင်း ခိုင်းစေ၍ ကုပ်သွေးစုပ်အမြတ်ထုတ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနက ပြောသည်။

ထိုင်းနိုင်ငံသည် ၂ဝ၁၄ ခုနစ် အစီအရင်ခံစာကို နိုင်ငံခြားရေးဌာနသို့ မတ်လတွင် တင်ပြရမည်ဖြစ်သည်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က ၂ဝ၁၄ ခုနှစ်တွင် လူကုန်ကူးသည့် အမှု ၁၃ဝ ရှိခဲ့ကြောင်း၊ လူ ၁၄ဝ ကို အရေးယူအပြစ်ပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုပြီး ခေတ်သစ်ကျွန်ရောင်းဝယ်ခြင်းကို အမြစ်မှ စတင်ဖယ်ရှားရန် နည်းလမ်းများကို အသေးစိတ် ရှင်းလင်း တင်ပြသည်။

တရားမဝင်သော၊ မှတ်ပုံမတင်သော၊ သတင်းပေးပို့ခြင်း မပြုသော ငါးဖမ်းလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ဇန်နဝါရီ ၉ ရက်တွင် အတည်ပြုခဲ့သည့် ဥပဒေအရ ဒဏ်ငွေဘတ်တစ်သန်း(ဒေါ်လာ ၉၁ဝဝဝဝ)ဒဏ်တပ်မည် ဖြစ်ကြောင်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒွန်က ပြောသည်။

ဥပဒေအရ ငါးဖမ်းသင်္ဘောကြီးများတွင် ဂျီပီအက်(စ်)စနစ် တပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်ရန် ရက်ပေါင်း ၆ဝ အချိန်ပေးထားကြောင်း၊ မလိုက်နာပါက ဘတ်တစ်သိန်း ဒဏ်ရိုက်၍ ထောင်တစ်နှစ်အပြစ်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဆောင်ဆတ် ဆိုင်ချီးဝှာက ပြောသည်။
စုံစမ်းစစ်ဆေးမှု တိုးတက်စေရေးအတွက် ဝန်ထမ်း ၇ဝဝ ခန့်ရန် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ အထူးဘတ်ဂျက်အဖြစ် ဘတ်သန်း ၃ဝဝ (ဒေါ်လာ ကိုးသန်း)ကို အစိုးရအဖွဲ့က အတည်ပြုပေး ကြောင်း ဆောင်ဆတ်ကပြောသည်။

၂ဝ၁၄ ခုနှစ်ကုန်တွင် ငါးဖမ်းသင်္ဘော အလုပ်သမား၏ အသက်ကို အနည်းဆုံး ၁၅ နှစ်မှ ၁၈ နှစ်သို့ အစိုးရက တိုးမြှင့်သတ်မှတ်ပေးကြောင်း၊ အလုပ်သမားတစ်ဦးသည် တစ်နေ့လျှင် ၁ဝ နာရီ နားရမည်ဟုလည်းကောင်း၊ တစ်နှစ်လျှင် အနည်းဆုံး ခွင့်ရက် ၃ဝ ခံစားရမည်ဟု လည်းကောင်း သတ်မှတ်ပေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှု ထိုင်းအစိုးရ တိုက်ဖျက်မည် လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှု ထိုင်းအစိုးရ တိုက်ဖျက်မည် Reviewed by သစ်ထူးလွင် on 03:21 Rating: 5
Powered by Blogger.