မြန်မာနိုင်ငံအရှေ့ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ် တောင်ပေါ်လမ်းမှာ မော်တော်ယာဉ်တစီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသံဃာ ပျံလွန်တော်မူပြီး လိုက်ပါလာတဲ့ သံဃာ ၂ ပါးနဲ့ ဒကာမ ၂ ဦး ဒဏ်ရရခဲ့ပါတယ်။
ဒီမော်တော်ယာဉ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရို်င် ဆာလဲ ကျောင်းတိုက်က ဆရာတော် စ၀်တာဆိုင်ရဲ့ အန္တိမဈာပန အခမ်းအနားကို ကြွရောက်တာဖြစ်ပြီး မနေ့က အပြန်ခရီး ဟိုမိုင်းမြို့နယ် ၀မ့်ယုပ်ယပ်း ရွာအနီး တောင်ပေါ်မှာ မနေ့က မတော်တဆ တိမ်းမှောက်ခဲ့တာပါ။
ပျံလွန်တော်မူတဲ့ ဆရာတော်ဟာ ကွန်ဟိန်းမြို့ သုခိဒါရုဏ်ကန်ဦးကျောင်းက သက်တော် ၆၀ ကျော်ရှိ အရှင်သုဇာတ ဖြစ်ပြီး ဒဏ်ရာရ သံဃာ ၂ ပါးက ကွန်ဟိန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော် ဦးဝိဇ္ဇာနန္ဒ နဲ့ ကာလိမြို့နယ်ခွဲ နောင်ငင်းကျောင်းတိုက် ဆရာတော် ဦးနာဂသေန တို့ဖြစ်ပါတယ်။ ကျန် ဒဏ်ရာရ ဒကာမ ၂ ဦးကတော့ ကွန်ဟိန်းမြို့ခံတွေဖြစ်ပါတယ်။
ဒဏ်ရာလူနာတွေကို မယ်ဟောင်ဆောင်ဆေးရုံမှာ တင်ထားတယ်လို့ ဆေးရုံမှာ လူနာသွားကြည့်တဲ့ မယ်ဟောင်ဆောင်ခရိုင် ၀ပ်ဆီမိုင်းမောက်ကျောင်းတိုက်က ဆရာတော် ကျစ်ဆုဝမ်းက မိန့်ပါတယ်။
“သံလွင်မြစ်ဒီဘက်ကမ်း မရောက်ခင် တောင်ပေါ်လမ်းမှာ ရှေ့ကကားတစီးကို ကွေ့ရှောင်ရင်း ဘရိတ်ပေါက်ပြီး ချောက်ထဲကို လိမ့်ဆင်းသွားတာတဲ့။ ကားမောင်းတဲ့ ဆရာတော်က အဲဒီမှာပဲ ပျံလွန်တော်မူပြီး တခြား သံဃာ ၂ ပါးနဲ့ ဒကာ ၂ ဦးက ဒဏ်ရာတွေနဲ့ တောင်ပေါ်ကို ပြန်တက်လာတယ်။ လမ်းမှာသွားနေတဲ့ တခြားကားတွေက မယ်ဟောင်ဆောင်ဆေးရုံမှာ လာတင်ထားတယ်။ ဦးဇင်းတို့သွားကြည့်တာ တပါးက ခြေတောက် အရိုးအက်တယ်၊ တပါးက နံရိုးနဲ့ တကိုယ်လုံးကိုက်ခဲနာကျင်နေတယ်။ ကျန်တဲ့ ဒကာမ ၂ ဦးတော့ သွားမကြည့်ရသေးဘူး။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆေးရုံကပြောတယ်။”
ပျံလွန်တော်မူတဲ့ အရှင်သုဇာတရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကိုတော့ ဒကာတွေက ကွန်ဟိန်းမြို့ကို ပင့်ဆောင်ကြပါတယ်။
By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/79234
ဟိုမိန်းတောင်ပေါ် ယာဉ်တိမ်းမှောက်မှု ယာဉ်မောင်းသံဃာ ပျံလွန်တော်မူ
Reviewed by သစ်ထူးလွင်
on
17:26
Rating: