ဆူရာဘာယာ၊ ဇန်န၀ါရီ ၇
အဲအေးရှား လေယာဉ်၏ အမြီးပိုင်းကို ယခင်ခန့်မှန်း ထားသော တည်နေရာ၏ မိုင် ၂၀ အကွာ ပင်လယ် ရေအောက် ကြမ်းပြင်တွင် ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားသည်။
လေယာဉ်အမြီးပိုင်းကို တွေ့ရှိခဲ့ခြင်းကြောင့် အခရာကျသော ဘလက်ဘောက်စ်အား တွေ့ရှိရန် နီးစပ်လာပြီဟု သုံးသပ်ကြသည်။
အဲအေးရှားလေယာဉ်အမှတ် QZ8501 သည် ဒီဇင်ဘာ ၂၈ ရက်က ဆူရာဘာယာမြို့မှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်တွင်း၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကာ ၁၆၂ ဦး လိုက်ပါသွားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရုပ်အလောင်းများနှင့် လေယာဉ်ကိုယ်ထည်၏ အပျက်အစီး အပိုင်းအစများကို ဘော်နီယို ကျွန်းအနီးတွင် တွေ့ရှိခဲ့သော်လည်း ရာသီဥတုဆိုးရွားပြီး လှိုင်းထန်နေ၍ အားလုံးကို မဆယ်ယူနိုင်ခဲ့ပေ။
အင်ဒိုနီးရှားသည် ကမ္ဘာ့လေကြောင်းဈေးကွက်တွင် လျင်မြန်စွာ ဖွံ့ထွားလာသည့် နိုင်ငံတခုဖြစ်ပြီး Lion Air နှင့် Garuda တို့ကဲ့သို့သော လေကြောင်းလုပ်ငန်းကြီးများကို ပိုင်ဆိုင်ထားကာ Airbus နှင့် Boeing တို့မှ လေယာဉ်များကို အဓိက ၀ယ်ယူအသုံးပြုထားသည်။
သို့သော် အင်ဒိုနီးရှား၏ လေကြောင်းလုပ်ငန်းတွင် ဘေးကင်းလုံခြုံရေးပိုင်း၌ အားနည်းမှုများ ရှိနေခြင်း ဖြစ်သည်။ လေယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဥရောပ ကော်မရှင်က ၂၀၀၇ ခုနှစ်တွင် အင်ဒိုနီးရှားအခြေစိုက် လေကြောင်း လုပ်ငန်းများ အားလုံးကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
သို့ရာတွင် Garuda နှင့် အဲအေးရှား အပါအ၀င် အာမခံချက် ရှိသော လေကြောင်းလုပ်ငန်း အချို့ကို ခြွင်းချက်အနေဖြင့် ဥရောပအတွင်းသို့ ၀င်ရောက်ခွင့် ပြုထားသည်။
ကျော်လင်းထွန်း
__Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အဲအေးရှား လေယာဉ် အမြီးပိုင်း ပင်လယ်ရေအောက်တွင် တွေ့ရှိ
Reviewed by သစ်ထူးလွင်
on
15:24
Rating: