ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး


မြန်မာနိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စု တခုဖြစ်သော ကယန်း(ပဒေါင်) တို့၏ ရိုးရာဓလေ့တခုဖြစ်သော အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်မှုကို ခုံမင်အားကျ၍ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှ ဆစ်ဒနီအမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦးကလည်း ကြေးကွင်းများ ၀တ်ဆင်ခဲ့ရာ ယခုအခါ ၁၆ ကွင်းရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့်သူမ၏ လည်ပင်းမှာ ၅ လက်မအထိ ရှည်လာခဲ့ပြီ ဖြစ်သည်။ ဆစ်ဒနီသည် တနှစ်လျှင် ထိုကြေးကွင်းများအား နှစ်ကြိမ်သာ ဖြုတ်၍ လည်ပင်းကို သုတ်သင်ဆေးကြောသည်။

သူမက လည်ပင်းအရှည် ၁ ပေအထိ ရှိချင်သည် ဖြစ်ရာ နောက် ၈ လက်မလိုအပ်နေ၍ ကြေးကွင်းများ ထပ်မံဝတ်ဆင်သွားအုံးမည် ဖြစ်ကြောင်း သိရသည်။ ဆရာဝန်များက အန္တရာယ်များကြောင်း သတိပေးထားသော်လည်း သူမက ထပ်စွပ်သွားရန် စီစဉ်လျက်ရှိသည်။

နောက်ထပ် ၈ လက်မအထိ ရှိလာရန် ကြေးကွင်းပေါင်းများစွာ ထပ်မံဝတ်ဆင်သွားရအုံးမည် ဖြစ်သည်။ သူမက ထိုကြေးကွင်းများကို ကန်ဒေါ်လာ ၁၀၀၀ အထိ အကုန်အကျခံ၍ အထူးပြုလုပ် ၀တ်ဆင်ခဲ့သည်။

ဦးခေါင်း၏ လှုပ်ရှားနိုင်မှုမှာ အကန့်အသတ်ရှိနေ၍ ကားမောင်းသည့်အခါ၊ ပါကင်ထိုးသည့် အခါများတွင် အခက်ကြုံရကြောင်း သူမက ၀န်ခံသကဲ့သို့ အစာစားသည့် ပုံစံကိုလည်း အပြောင်းအလဲလုပ်ရန် လိုအပ်လာကြောင်း ဖွင့်ဟသည်။

ဆရာဝန်က အကြံပေးသော်လည်း သူမကမူ ထိုကြေးကွင်းများကို ဖြုတ်ပစ်ရန် ငြင်းဆိုင်လိုက်ပြီး နောက်ထပ် ၅ နှစ်မပြည့်အခြား ကြေးကွင်းများ ထပ်မံဝတ်ဆင်ခြင်း ပြုအုံးမည် မဟုတ်ဟု သဘောတူခဲ့သည်။

ကယန်း(ပဒေါင်) လူမျိုးများသည် အသက် ခုနစ်နှစ်အရွယ်တွင် ကြေးကွင်း ၁ဝကွင်း စတင် ဝတ်ဆင်ကာ ငါးနှစ်သို့မဟုတ် ဆယ်နှစ်လျှင် တစ်ကြိမ် ကြေးကွင်းများကို ထပ်တိုး ဝတ်ဆင်လေ့ရှိပြီး အများဆုံး ၂၄ကွင်းအထိ ဝတ်ဆင်ကြသည်။

အဆိုပါ ကြေးကွင်းများကို ရှေးယခင်က ရွှေဖြင့် ပြုလုပ်ကြသော်လည်း ယခုခေတ်တွင် ငွေကြေး မတတ်နိုင် ကြသောကြောင့် ကြေးနှင့် ခဲများကိုသာ အသုံးပြု လာကြသည်ဟု ကယန်း (ပဒေါင်) လူမျိုးများထံမှ သိရသည်။

ဆစ်ဒနီသည် ထိုကြေးကွင်းများကို ချွတ်၍ ဓာတ်ပုံအရိုက်ခံရန် ငြင်းဆိုခဲ့သည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး Reviewed by သစ်ထူးလွင် on 15:49 Rating: 5
Powered by Blogger.