ဘားအံ ဇန်နဝါရီ ၇
ဘားအံမြို့နယ်တွင် ကျေးရွာများသို့ ဟင်းသီးဟင်းရွက်များ ဆိုင်ကယ် ဖြင့် လှည့်လည် ရောင်းချနေသူ နှစ်ဦးကို လက်နက်ကိုင် ၁ဝ ဦးခန့်က ရဲတပ်ဖွဲ့ သို့ သတင်းပေးပို့ နေသူများဟု စွပ်စွဲကာ လက်ထိတ်ခတ်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအား စုံစမ်းဖော်ထုတ်ရာမှ လက်နက်သုံးလက်၊ လက်ပစ်ဗုံးတစ်လုံး၊ ခဲယမ်းများနှင့် အတူ မူးယစ်ဆေးပြား ၆ဝဝဝ ကျော်ကို ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခန့်တွင် အိန္ဒုရဲစခန်းအပိုင် ရွှေပြည်ထောင် ကျေးရွာ၊ ကော့စိန် ဘန်အောက်အထက်အုပ်စုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမှုဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂ ရက် နံနက် ၁ဝ နာရီခန့်က ဇော်ဝမ်းနှင့် ဦးညွန့်တင်(ခ) ဖိုးခွားတို့သည် ဆိုင်ကယ်တစ်စီးဖြင့် ကျေးရွာများသို့ ဟင်းသီး ဟင်းရွက်များရောင်းပြီးအပြန် ငါးဝယ်ရန်အတွက် ကော့မလောက် ကျေးရွာသို့ သွားရောက်ခဲ့ရာ အဆိုပါရွာအနီးအရောက်တွင် ကော့မူးတာကျေးရွာမှ ဦးအရှောင်၏သား မိန်လှ(ခ) ကျော်မိန်လှ(ခ)အရှောင်(ခ) ကျော်ခွကုလား အပါအဝင် လက်နက်ကိုင်လူငယ် ၁ဝ ဦးခန့်က ဆိုင်ကယ်ကို ရပ်တန့်စေခဲ့ ကြောင်း၊ မိန်လှက ၄င်း၏အဘိုး ဦးငါးပူတင်း (မူးယစ်ဆေးဝါးမှု)ဖြင့် ဖမ်းဆီး ခံရသည်မှာ ၄င်းတို့နှစ်ဦးက ရဲကိုသတင်းပေးခြင်းကြောင့်ဟုဆိုပြီး နှစ်ဦး စလုံးကို လက်ထိတ်ခတ်ကာ ခြံတစ်ခြံသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ည ၁ဝ နာရီခန့်တွင် မိန်လှအပါအဝင် သုံးဦးခန့်က အဖြူရောင်ယာဉ်တစ်စီး ဖြင့် ၄င်းတို့နှစ်ဦးကို တင်ဆောင်ပြီး ဘားအံမြို့နယ် ရွှေပြည်ထောင် ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ အခင်းဖြစ်နေရာသို့ အရောက် တွင် လမ်းဘေးရေမြောင်းအတွင်းသို့ဆွဲခေါ်ပြီး မိန်လှက ၄င်းတို့ နှစ်ဦးကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကြောင်း၊ မိမိမှာ သေနတ် ဒဏ်ရာလေးချက်အပစ်ခံရပြီး သေနတ်ဒင်များဖြင့် ရိုက်နှက်ခံရသဖြင့် သေချင်ယောင်ဆောင်နေသောကြောင့် အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ဇော်ဝမ်းမှာ သေဆုံးခဲ့ကြောင်း ဦးညွန့်တင်(ခ) ဖိုးခွားက ပြောပြသည်။
ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စု ကော့စလိုကျေးရွာနှင့် ကော့စိန်ပူးကျေးရွာအနီး လမ်းဘေးရေမြောင်းအတွင်း၌ လူနှစ်ဦး လက်ထိတ်ခတ်လျက် သေနတ်ဒဏ်ရာများဖြင့် တစ်ဦးမှာသေဆုံးနေပြီး ကျန် တစ်ဦးမှာ အသက်ရှင်နေသေးကြောင်း၊ ကော့ကဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုံးမောင်၏ သတင်းပေးချက်အရ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်အေးနှင့် အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက်ခဲ့ရာ ဇော်ဝမ်း (၃၆နှစ်)ဈေးရောင်း၊ အမှတ် (၄) ရပ်ကွက် ထုံးအိုင်ကျေးရွာနေသူမှာ သေနတ် ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိရပြီး ဦးညွန့်တင်(ခ) ဖိုးခွား (၅၅နှစ်) အမှတ် (၃) ရပ်ကွက် ထုံးအိုင်ကျေးရွာနေသူအား သေနတ်ဒဏ်ရာ များနှင့်အတူ လက်ထိတ်ခတ်လျက်တွေ့ရှိရကြောင်း၊ ပတ်ဝန်းကျင်နေရာများ သို့ ဆက်လက်ရှာဖွေရာ ၅.၅၆ ကျည်ခွံငါးခု၊ ကျည်ထိပ်ဖူးတစ်ခု၊ ကိုးလုံး ကျည်ခွံတစ်ခု၊ ကျည်ထိပ်ဖူးနှစ်ခုတို့ကို သက်သေများရှေ့မှောက်တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူများတွင် လက်နက်ခဲယမ်းများ ပါဝင်နေ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြမှုကြောင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က နယ်မြေခံတပ်နှင့် ညှိနှိုင်းပြီး ဇန်န ဝါရီ ၄ ရက် ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့တို့သည် ရွှေပြည်ထောင် ကျေးရွာ ကော့စိန်ဘန်အထက်ကျေးရွာအုပ်စု မိန်လှ(ခ) ကျော်မိန်လှ(ခ) အရှောင် (ခ) ကျော်ခွကုလား၏နေအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မိန်လှ ၏ဇနီးဖြစ်သူ ပေးပေး(ခ) သန်းဝင်းမြိုင်နှင့် ၄င်းတို့နေအိမ်တွင် ရောက်ရှိနေ သော အောင်ချမ်းသာ(ခ) ဖိုးခွား(၂၂နှစ်)ကို နေအိမ်အဝတွင် တွေ့ရှိရပြီး မိန်လှမှာ နေအိမ်တံခါးများကို အတွင်းမှချက်ချပြီး သေနတ်ကိုင်ထားကြောင်း သိရသဖြင့် နယ်မြေခံတပ်မှ တပ်ကြပ်ကြီး တစ်ဦးက အိမ်အတွင်းသို့ တိုးဝင် ကာ မိန်လှအား အတင်းဝင်ရောက် ဖမ်းဆီးခဲ့ရကြောင်းသိရသည်။
၎င်းတို့နှင့်အတူ တူမီးယမ်းထောင်းသေနတ်တစ်လက်၊ ၁၂ ဗို့ ပြောင်း ချောသေနတ်တစ်လက်၊ ယင်းကျည်နှစ်တောင့်၊ WL ကော်ရိုးတပ် နီကယ် ၃၈ ဗို့ ခြောက်လုံးပြူးတစ်လက်၊ ယင်းကျည်ငါးတောင့်၊ တရုတ်နိုင်ငံလုပ် ၉၁ လက်ပစ်ဗုံးတစ်လုံး၊ ဖြူးစ်အပိုတစ်ခု၊ စနိုက်ပါအရှည် ခြောက်လက်မခွဲ ခန့် အနက်ရောင်မှန်ဘီလူးတစ်ခု၊ မူးယစ်ဆေးဝါးရှူရာတွင် အသုံးပြုသော ရေသန့်ဘူးတစ်ဘူး၊ စစ်စိမ်းရောင်ပြောက်ကျားယူနီဖောင်းလက်ရှည်တစ်စုံ၊ ဗီရိုနှင့် ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်နှစ်စီး၊ WY စာတန်းပါ လိမ္မော် ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၁၈၉ ပြား၊ မြန်မာငွေစက္ကူရောရာ ၁၃၄ဝဝဝ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် နောက်ဆက်တွဲ ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ဘုန်းရဲထက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သေနတ်ကိုင်လူသတ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လက်နက်ကိုင်တစ်စု ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
04:31
Rating: