ယခုနှစ်ကုန်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်၌ အပြောင်းအလဲများ ရှိလာနိုင်


ရန်ကုန် ဇန်နဝါရီ ၂၆

လက်ရှိ အခြေအနေတွင် မြို့တွင်း အိမ်ခြံ မြေဈေးကွက်၌ အရောင်းအဝယ် အေးနေ သော်လည်း ယခုနှစ်ကုန်ပိုင်း၌ အိမ်ခြံမြေ ဈေးကွက်အပြောင်းအလဲ ဖြစ်ပေါ်လာနိုင် ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတချို့ထံမှ သိရသည်။

ယခုလပိုင်း မြို့တွင်း အိမ်ခြံမြေဈေးကွက် ၌ အရောင်းအဝယ် ပြုလုပ်ရန် ဈေးကွက် အနေအထားပေါ်မူတည်၍ စောင့်ကြည့်သူ များပြားလာသောကြောင့် မြေကွက်များ အပြင် ကွန်ဒိုတိုက်ခန်းများပါ အရောင်း အဝယ်ကျဆင်းနေကြောင်း၊ သို့သော် ယခု နှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲ အပေါ်မူတည်၍ အိမ်ခြံမြေဈေးကွက်မှာ အပြောင်းအလဲဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

''အခုလက်ရှိမှာတော့ ဈေးတွေတက် နေတဲ့အပေါ်မှာ ဝယ်ရောင်းသမားတွေအပါ အဝင် တကယ်လိုအပ်လို့ ဝယ်မယ့်သူတွေ ကတောင် စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် လာမယ့်ရွေးကောက်ပွဲပေါ် မူတည်ပြီးတော့ ဈေးကွက်ပြောင်းလဲနိုင်ပါ တယ်။ အဲဒီမတိုင်ခင်လောက်မှာတော့ သိပ်ပြီးထူးခြားမှုရှိမယ်မထင်ပါဘူး''ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဒါရိုက်တာ ဦးနေဇော်အောင်ကပြောသည်။

''အခုအိမ်ခြံမြေဈေးကွက်မှာတော့ မြို့တွင်းနေရာတော်တော်များများမှာ မြေကွက်အပြင် ကွန်ဒိုတိုက်ခန်းတွေပါ အရောင်းအဝယ်အေးနေသလိုရှိပါတယ်။ အားလုံးကလဲ လာမယ့်ရွေးကောက်ပွဲရဲ့ အပြောင်းအလဲပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံ ဖို့လုပ်သင့် မလုပ်သင့် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်''ဟု အိမ်ခြံမြေအကျိုးဆောင် ဦးကျော်ဆွေကပြောသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးလာကာ ယခုနှစ်ရွေးကောက်ပွဲ အပြီး နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများအပေါ်တွင်မူတည်၍သာ ရင်းနှီးမြှုပ်နှံသူများပြားလာနိုင်ကြောင်း ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်သည်။

မင်းလွင်သစ်
The Union Daily
http://uniondaily.net/News/DetailView.aspx…
ယခုနှစ်ကုန်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်၌ အပြောင်းအလဲများ ရှိလာနိုင် ယခုနှစ်ကုန်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်၌ အပြောင်းအလဲများ ရှိလာနိုင် Reviewed by သစ်ထူးလွင် on 15:31 Rating: 5
Powered by Blogger.