သမ္မတ ရုံးက မထွက်ခွာမီ ဝန်ထမ်းတွေကို နှုတ်ဆက်စဉ်။ |
အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ရာဂျာပက်ခ်ဆာဟာ ၂၀ဝ၅ ခုနှစ်တည်းက သမ္မတနေရာကို ရယူခဲ့တာဖြစ်ပြီး သူအာဏာဆက်ရဖို့အတွက် ဒီရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ဆန်မရာဝီရာယာက ပြောပါတယ်။
လူအများက ရာဂျာပက်ခ်ဆာဟာ အေးအေးချမ်းချမ်းနဲ့ အာဏာလွှဲပေးလိုက်တယ်လို့ ထင်နေတာ။ ဒါပေမယ့် နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ အမှန်တရားတွေကို ပြည်သူတွေ သိဖို့လိုတယ်လို့ ပြောသွားခဲ့ပါတယ်။
သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာဟာ အရင်အပတ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရေတွက်နေတုန်း မဲရလာဒ်တွေကိုကြည့်ပြီး သူရှုံးတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ စစ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ ရှေ့နေချုပ်တို့ကို အရေးပေါ် အစည်းအဝေး ခေါ်ပြီး မဲရေတွက်နေတာတွေကို လိုအပ်ရင် စစ်တပ်အင်အားသုံးပြီး ဟန့်တားဖို့ ညွှန်ကြားခဲ့တယ်လို့ ဆန်မရာဝီရာယာက ပြောပါတယ်။
ဒါပေမယ့် ရာဂျာပက်ခ်ဆာ ရဲ့ သတင်းနဲ့ ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှုး ဝိဂျာယာနန္ဒ ဟယ်ရတ်ထ်ကတော့ ဒီလိုတွေ့ဆုံတာဟာ နိုင်ငံရဲ့ လုံခြုံရေး အတွက် ညွှန်ကြားဖို့ပဲဖြစ်တယ် ဆိုပြီး ဒီစွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပါတယ်။
ယေဘုယျအားဖြင့် သီရိလင်္ကာရဲ့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်စွက်ဖက်မှု မရှိခဲ့ပေမယ့် ၁၉၆၂ ခုနှစ် မှာ စစ်တပ်က အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။
မစ္စတာ ရာဂျာပက်ခ်ဆာ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကြာသပတေးနေ့ ရွေးကောက်ပွဲ မတိုင်ခင်အထိ တောင်အာရှမှာ သက်တမ်းအရှည်ဆုံး သမ္မတ ဖြစ်ပါတယ်။
ရာဂျာပက်ခ်ဆာဟာ သူ့ရဲ့ တတိယအကြိမ်မြောက် ပြန်လည်အရွေးခံတဲ့ ဒီရွေးကောက်ပွဲကို အေးအေးဆေးဆေး အနိုင်ရမယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဆရီစီးနားက နိုဝင်ဘာလမှာ အာဏာရပါတီဘက်ကနေ အတိုက်အခံဘက်ကို ဘက်ပြောင်းသွားခဲ့ပါတယ်။
နောက်ပြီး သူ့လိုပဲ အတိုက်အခံ ပါတီဘက်ကို ကူးပြောင်းသွားတဲ့ လွှတ်တော်အမတ်တွေ၊ တခြား အတိုက်အခံပါတီတွေ နဲ့ သီရိလင်္ကာရဲ့ လူမျိုးစု တိုင်းရင်းသား တွေရဲ့ ထောက်ခံမှုတွေ ရယူပြီး အတိုက်အခံပါတီ ပေါင်းစုံရဲ့ ကိုယ်စားလှယ်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါဟာ ဒီရွေးကောက်ပွဲ ကို မျှော်လင့်မထားတဲ့ အခြေအနေဖြစ်အောင် ပြောင်းလဲခဲ့ပြီး မစ္စတာ ရာဂျာပက်ခ်ဆာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေခဲ့ပါတယ်။
မစ္စတာ ရာဂျာပက်ခ်ဆာ ဟာ ပါလီမန်မှာ နေရာရဖို့နဲ့ ဒုတိယအကြိမ်မြောက် သမ္မတ အဖြစ် ထပ်မံတင်မြှောက်ခံရဖို့ အတွက် သူ့ရဲ့ဦးဆောင်မှုနဲ့ တမီးလ်သူပုန်တွေကို နှိမ်နင်းနိုင်ခဲ့တာကို အသုံးပြုပြီး မဲဆွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာပါဘူး၊ သူအာဏာရှိခဲ့တုံးက အာဏာအလွဲသုံးပြီး လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခဲ့တဲ့ မဟင်ဒရာရာဂျာပက်ခ်ဆာတယောက် ရွေးကောက်ပွဲမှာ အရေးနိမ့်နေပြီ ဆိုတာသိလာတဲ့ အချိန်မှာ စစ်တပ်ကို အသုံးချဖို့ ကြိုးစားသလားဆိုတာကို လူအများက စိတ်ဝင်စားစွာနဲ့ မားစွင့်နေကြမှာ ဧကန်မလွဲပါ။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150112_rajapaksa_coup_investigate
သီရိလင်္ကာ သမ္မတဟောင်း အာဏာသိမ်းရန်ကြံ
Reviewed by သစ်ထူးလွင်
on
04:25
Rating: