မလေးရှားစစ်သွေးကြွ များက နိုင်ငံအတွင်းရှိ ဘဏ်များမှငွေချေး၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရ

ကွာလာလမ်ပူ ၊ ၂၁-၁၂-၂၀၁၄

ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ယင်းနိုင်ငံများသို့ ထွက်ခွာမည့် မလေးရှားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များသည် လမ်းစရိတ် အဖြစ် ဘဏ်များမှ ငွေကြေးများကို ချေးယူခဲ့ကြ သည်ဟု မလေးရှားရဲ တပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း ယမန်နေ့တွင် CNA သတင်းဌာန က ထုတ်ပြန် ခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များ အရ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းလိုသူ မလေးရှား စစ်သွေးကြွ ငါးဦးသည် ၄င်းတို့၏ ပိုင်ဆိုင်မှု အများစုကို အာမခံ ငွေများအဖြစ် ထားရှိရုံ သာမက ဘဏ်မှ ချေးငွေများ ကိုပင် ရယူရန်ကြိုးပမ်း ခဲ့သည်။

သို့ရာတွင် ၄င်းတို့ကို မလေးရှား ရဲတပ်ဖွဲ့က အချိန်မီ တားဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့သည် မြို့တော် ကွာလာလမ်ပူမြို့ ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရေး အတွက် ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းခဲ့သည့် အသက် ၃ဝ နှစ်အရွယ်ရှိ စစ်သွေးကြွ တစ်ဦးကို ဖမ်းဆီးခဲ့ရာမှ ယခု ကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ISIS စစ်သွေးကြွ များကို ငွေကြေး ထောက်ပံ့ပေးလျက် ရှိသည်ဟု ယူဆရသူ များကို ချေးငွေများ ထုတ်ပေးခြင်း မပြုရန် နိုင်ငံအတွင်းရှိ ဘဏ်များကို မလေးရှား အကြမ်းဖက် တန်ပြန် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အကြောင်းကြား ခဲ့သည်။ မလေးရှားနိုင်ငံ အတွင်းရှိ ဘဏ်များမှ ငွေကြေး ချေးယူရန် ကြိုးပမ်းခဲ့သည့် စစ်သွေးကြွ များသည် ISIS စစ်သွေးကြွ များနှင့်အတူ ပူးပေါင်း တိုက်ခိုက်ရင်း အသေခံမည့် သူများ ဖြစ်သောကြောင့် အဆိုပါ ဘဏ်မှ အကြွေးများကို ပြန်လည် ပေးဆပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/isis_20.html
မလေးရှားစစ်သွေးကြွ များက နိုင်ငံအတွင်းရှိ ဘဏ်များမှငွေချေး၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရ  မလေးရှားစစ်သွေးကြွ များက နိုင်ငံအတွင်းရှိ ဘဏ်များမှငွေချေး၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 17:57 Rating: 5
Powered by Blogger.