Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ထွက်ပြေး တိမ်းရှောင်နေစဲ


Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ကျောက်တံတားတရားရုံး မှ အာမခံ ရုပ်သိမ်းပြီး ဖမ်းဝရမ်းထုတ်ထားကာ ဒီဇင်ဘာ ၃၀ ရက် တတိယ ရုံးချိန်း၌ အမှုလာ ရောက်ရင်ဆိုင်ခြင်း မရှိဘဲ ထွက် ပြေးတိမ်းရှောင်နေကြောင်း ကျောက်တံတားရုံးမှ ရဲအရာရှိတဦးက အတည်ပြု ပြောကြား ခဲ့သည်။

ဦးကျော်မြင့်သည် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ မြေရှင်နှင့် သဘောတူညီထားသည့်ပုံစံများ ကွဲလွဲခြင်း၊ လက်မှတ်အတုများရေးထိုးခြင်း၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်ခြင်းမရှိမှုတို့ကြောင့် မြေရှင်က တရားစွဲထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ တရားစွဲဆိုထားရာမှ နိုဝင်ဘာ ၂၄ တွင် ဦးကျော်မြင့်ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပြီး အချုပ်ဖြင့် အမှု ရင်ဆိုင်ခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဦးကျော်မြင့်မှ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ အာမခံ တောင်းခဲ့၍ ကျပ်သိန်း ၁၀၀၀ ဖြင့် ကျောက်တံတားမြို့နယ် တရားသူကြီးက အာမခံပေးခဲ့သည်။

အာမခံပေးခဲ့ပြီး ဒုတိယရုံးချိန်း ဒီဇင်ဘာ ၁၆ ရက်တွင် ကျန်းမာရေး မကောင်း၍ ဆေးရုံးတက်ရောက်ကုသနေ သည်ဟုသာ ၎င်းရှေ့နေမှတဆင့် ထွက်ဆိုခဲ့ပြီး မည်သည့်ဆေးရုံသို့ တက်ရောက်ကုသနေသည်ကို ၎င်း၏ရှေ့နေကိုယ်တိုင် သိရှိခဲ့ခြင်း မရှိပေ။ ယင်းကြောင့် ဦးကျော်မြင့်၏ အာမခံကို ရုပ်သိမ်းကာ ဖမ်းဝရမ်း ပြန်လည်ထုတ်စေခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတဦးက ''အာမခံသိမ်းပြီး ဖမ်းဝရမ်းထုတ်တော့ ရဲက သွားဖမ်းရမှာပေါ့။ ရုံးထုတ်တဲ့နေ့အထိ ဖမ်းမမိဘူးဆိုရင် မမိတဲ့အကြောင်း တရားရုံးကို ပြန်တင်ရမယ်။ သူထွက်ပြေးလွတ် မြောက်နိုင်မှုမရှိဖို့ လေဆိပ်တွေကို သူ့ရဲ့ ပတ်စပို့နံပါတ်တွေပို့ဖို့ တရားရုံးမှာ အခွင့် အာဏာရှိပါတယ်''ဟု ဒီဇင်ဘာ ၂၅ ရက် က ပြောကြားခဲ့သည်။

လက်ရှိရုံးချိန် တတိယအကြိမ်တွင် အမှုလာရောက်ရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်းအား ထပ်မံ တရားစွဲလိုသူများအကြား မကျေနပ်မှုများ ရှိနေပြီး လိုအပ်ပါက အာမခံပေးခဲ့သည့် တရားရုံးအား ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နစ်နာသူများက News Watch သို့ ပြောကြားခဲ့သည်။

ကိုခက်၊ ဇော်လတ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ထွက်ပြေး တိမ်းရှောင်နေစဲ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ထွက်ပြေး တိမ်းရှောင်နေစဲ Reviewed by သစ်ထူးလွင် on 17:18 Rating: 5
Powered by Blogger.