လက်ပံတောင်းတောင် ဒေသခံများ သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ


အသိမ်းခံထားရတဲ့ မြေယာတွေ ပြန်လည်ရရှိရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံတွေဟာ ဆည်တဲကျေးရွာမြောက်ဘက် ဝမ်ပေါင် စီမံကိန်း ဧရိယာ သံဆူးကြိုးဘေးမှာ မနေ့ညက သပိတ်စခန်းဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့ သပိတ်စခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လုံခြုံရေးတွေ အပြည့်ချထားတယ်လို့ ဆည်တဲရွာသူ တစ်ဦးဖြစ်သူ မဌေးဌေးဝင်းက ပြောပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်နဲ့အတူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖော်ဆောင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးယူမထားတဲ့ ဒေသခံတွေရဲ့ မြေယာတွေမှာပါ အခုလ ၂၂ ရက်က ခြံစည်းရိုးလာခတ်တဲ့အတွက် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းပေါက်ထွက်သေဆုံးရပြီး တချို့လည်း ထိခိုက်ဒဏ်ရာရသွားကြပါတယ်။

နောက်နေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ ခြံစည်းရိုးတိုးချဲ့ကာရံတဲ့ လုပ်ငန်း တားဆီးနှောင့်ယှက်ခံရပြီး တင်းမာမှုတွေဖြစ်လာတာကို တာဝန်ရှိသူတွေက ညှိနှိုင်းမရဘဲ အန္တရာယ်ဖြစ်မယ့် အခြေအနေထိရောက်ရှိလာလို့ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်တဲ့ ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရတယ်လို့ ပါရှိပါတယ်။

ဒီလိုလူသေဆုံးရတဲ့အထိ အကြမ်းဖက်နှိမ်နင်းတာကို ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့ မြို့တွေမှာရော ဂျပန်၊ ကိုရီးယားစတဲ့ ပြည်ပမှာရှိကြတဲ့ မြန်မာတွေကပါ ကန့်ကွက်ဆန္ဒပြကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
လက်ပံတောင်းတောင် ဒေသခံများ သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ လက်ပံတောင်းတောင် ဒေသခံများ သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 10:30 Rating: 5
Powered by Blogger.