ပျောက်ဆုံးအဲအေးရှား လေယာဉ်ကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ရှာဖွေမည်


အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပျောက်ဆုံး အဲအေရှား လေယာဉ် QZ 8501 ကိုရှာဖို့ ပူးတွဲ ကြိုးစား လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြောပါတယ်။

“အိမ်နီးချင်း မလေးရှား သြစတြေးလျနဲ့ စင်ကာပူတို့က အကူအညီနဲ့ ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်တယ်။ သူတို့က ရှာဖွေရေးအတွက် လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေ ပို့ပေးတယ်။ တောင်ကိုရီးယားကလည်း မနက်ဖြန် လေယာဉ်တစီးပို့လိမ့်မယ်” လို့ အင်ဒိုနီးရှားသမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျောက်ဆုံးလေယာဉ် ရှာဖွေရေးအတွက် မလေးရှားက သင်္ဘော ၃ စီးနဲ့ လေယာဉ်တစီး၊ သြစတြေးလျက လေယာဉ် ၂ စီးနဲ့ စင်ကာပူက လေယာဉ် ၂ စီး သင်္ဘော ၂ စီး တာဝန်ချပေးခဲ့တယ်လို့ သမ္မတ ဝီဒိုဒိုက ပြောပါတယ်။ အင်ဒိုနီးရှားကတော့ လေယာဉ် ၂၁ စီးနဲ့ သင်္ဘော ၂၄ စီးကို သုံးပြီး ရှာနေတယ်လို့ ဆိုပါတယ်။

ရှာဖွေမှု ဒုတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က သိသာထင်ရှားတဲ့ သတင်း အချက်အလက်အသစ်ကို မတွေ့ရသေးပေမယ့် သမုဒ္ဒရာကြမ်းပြင်ရဲ့  အောက်မှာ ရှိနိုင်တယ်လို့ အဲအေးရှားလေယာဉ်ပျောက် ရှာဖွေရေး အင်ဒိုနီးရှားအဖွဲ့ခေါင်းဆောင်က   ပြောဆိုထားပါတယ်။

လေယာဉ်ရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ရေဒါအချက်အလက်တွေ၊ လေယာဉ်ပျံသန်းတဲ့လမ်းကြောင်းနဲ့ အချိန်တွေကို တွက်ချက်မှုတွေအရ လေယာဉ်ဟာ ပင်လယ်ကြမ်းပြင်မှာ ရောက်ရှိနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ရေအောက်ရှာဖွေရေးလုပ်ငန်းတွေအတွက် တခြားနိုင်ငံတွေရဲ့ အကူအညီတွေ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ အင်ဒိုနီးရှားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

လေယာဉ် ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ရာသီဥတုဆိုးဝါးလို့ လေယာဉ်လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေယာဉ်မှူးက တောင်းဆိုခဲ့ အပြီးမှာပဲ လေယာဉ်က ရေဒါကပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။

ဒီပျောက်ဆုံးနေတဲ့ AirBus A320 လေယာဉ်ဟာ ၂၀၀၈ ခုနှစ်က အဲအေးရှားအင်ဒိုနီးရှား လေကြောင်းလိုင်းမှာ စတင်ပျံသန်းတာဖြစ်ကြပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က နောက်ဆုံးလေယာဉ်ကြံ့ခိုင်ရေး လုပ်ခဲ့တာပါ။ အဲအေးရှား လေကြောင်းလိုင်းဟာ ကုမ္ပဏီစတင်ထူထောင်ချိန်ကတည်းက ဒီဖြစ်ရပ်မတိုင်ခင်အထိ ခရီးသည် ထိခိုက်သေဆုံးတဲ့ဖြစ်ရပ်မျိုး မဖြစ်ခဲ့သေးပါဘူး။

စင်ကာပူ ချန်ဂီလေဆိပ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျွမ်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ အရေးပေါ် ဌာနတွေ ဖွင့်လှစ်ပေးထားပါတယ်။ လေယာဉ်ပေါ်မှာခရီးသည် ၁၅၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားကြတာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75485
ပျောက်ဆုံးအဲအေးရှား လေယာဉ်ကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ရှာဖွေမည် ပျောက်ဆုံးအဲအေးရှား လေယာဉ်ကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ရှာဖွေမည် Reviewed by သစ်ထူးလွင် on 09:46 Rating: 5
Powered by Blogger.