မြောက်ကိုရီးယား အင်တာနက်ပြတ်တောက်မှု ကန်ကို အပြစ်တင်

မြောက်ကိုရီးယားအင်တာနက် ပြတ်တောက်မှု

မြောက်ကိုရီးယားနိုင်ငံမှာ အခု ရက်ပိုင်းတွေ အတွင်း အင်တာနက်လိုင်း ပြတ်တောက်မှုတွေရဲ့တရားခံဟာ အမေရိကန် ပြည်ထောင်စု ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရက စွပ်စွဲသွားပါတယ်။ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အင်တာနက်စံနစ်ထဲကို အွန်လိုင်းကနေ ထိုးဖောက် ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး သူတို့နှစ်နိုင်ငံ အချင်းများ နေကြတာပါ။

ဒီ သီတင်းပတ်အစောပိုင်းတုန်းက အင်တာနက်လိုင်း ပြတ်တောင်း ပြတ်တောင်းဖြစ်ခဲ့ရသလို ၉ နာရီကြာ လုံးဝ လိုင်းပြတ်တောက်သွား ခဲ့ရတဲ့ ကိစ္စဟာ အမေရိကန်အစိုးရ လက်ချက်လို့ စွပ်စွဲထားတဲ့ ကြေညာချက်ကို မြောက်ကိုရီယားက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအွမ်း ဦးဆောင်တဲ့နိုင်ငံမှာ အာဏာရှိတဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင်က ဒီကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။

အမေရိကန်အဆို Sony Pictures ရဲ့ အင်တာနက်စနစ်ထဲကို မြောက်ကိုရီးယားက အွန်လိုင်း ထိုးဖောက်တိုက်ခိုက်တာအတွက် အမေရိကန်က လက်တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောခဲ့ပြီးတဲ့နောက် အခုလို မြောက်ကိုရီးယားနို်င်ငံတွင်း အင်တာနက်လိုင်း ပြတ်တောက်မှုဖြစ်တာပါ။

မြောက်ကိုရီးယားကတော့ သူတို့ Sony Pictures ရဲ့ ကွန်ပြူတာကွန်ယက်ကို ထိုးဖောက်ဝင်ရောက်တာရော၊အရှက်ရစရာအီးမေးလ်တွေနဲ့ အခြား ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖွင့်ထုတ်တာကိုပါ မလုပ်ပါဘူးလို့ ငြင်းဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရမှာက အထူးလေ့ကျင့်သင်ကြားထားတဲ့ ကွန်ပြူတာကျွမ်းကျင်သူတွေရှိပြီး သူတို့ဟာ အခုနှစ်ပိုင်းတွေအတွင်း ကွန်ပြူတာ ထိုးဖောက်ဝင်ရောက်မှုတွေ အများအပြား လုပ်ဆောင်ခဲ့တယ်လို့ စွတ်စွဲခံရတာပါ။ ဒါပေမယ့်လည်း မြောက်ကိုရီယားမှာ အင်တာနက်လိုင်းကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ထားတာမျိုး မဟုတ်တာကြောင့် သူတို့ကို ထိုးဖောက်ဝင်ရောက်မှုတွေလုပ်ဖို့ သိပ်မလွယ်ကူပါဘူး။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/north-korea-blames-us-for-internet-outage-/2575745.html
မြောက်ကိုရီးယား အင်တာနက်ပြတ်တောက်မှု ကန်ကို အပြစ်တင် မြောက်ကိုရီးယား အင်တာနက်ပြတ်တောက်မှု ကန်ကို အပြစ်တင် Reviewed by သစ်ထူးလွင် on 21:41 Rating: 5
Powered by Blogger.