ပြာသိုလဆန်း (၁) ရက် တနင်္ဂနွေနေ့ဟာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖို့ရှိသလို ပြည်ပရောက် ကရင်လူမျိုးတွေကလည်း ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ မအင်ကြင်းနိုင်က စုံစမ်းတင်ပြ ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြည်နယ်ပေါင်းစုံမှာနေထိုင်နေကြတဲ့ ကရင်လူမျိုးတွေကလည်း ကရင်နှစ်သစ်ကူးပွဲတော်ကို အများအားလပ်ရက်နဲ့ တိုက်ဆိုင်ပြီး လာမယ့် ဇန်န၀ါရီလ (၁) ရက်နေ့နဲ့ (၅) ရက်နေ့တွေမှာ စုပေါင်းကျင်းပကြဖို့ရှိပါတယ်။
ကရင်ပြက္ခဒိန်အရ အခုကျင်းပမယ့် နှစ်သစ်ဟာ ၂၇၅၄ ခုနှစ် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ကရင်ခေါင်းဆောင်တဦးဖြစ်သူ မန်းသောင်းတင်က အခုလို ပြောပြပါတယ်။
“၂၇၅၄ ခုနှစ် ဖြစ်လာရတဲ့အကြောင်းရင်းက ကျနော်တို့ ခရစ်မပေါ်မီ ကျနော်တို့ကရင်လူမျိုးတွေက ဗမာပြည်ကိုရောက်လာတဲ့အချိန်မှာတော့ ခရစ်မပေါ်မီ ၇၃၀ ခုနှစ်မှာ ကျနော်တို့စရောက်ခဲ့တယ်။ ကျနော်တို့ စရောက်ခဲ့တဲ့အချိန်ကစပြီးတော့ ခရစ်သက္ကရာဇ်နဲ့ ပြန်ပြီးတော့ပေါင်းလိုက်တဲ့အခါကျတော့ ၂၇၅၄ ခုနှစ်က ကျနော်တို့ရဲ့ကရင်နှစ်သစ်ကူးနေ့လို့ သတ်မှတ်တာပေါ့နော်။ ကျနော်တို့ ကရင်လူမျိုးတမျိုးလုံးရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုမပပျောက်အောင် ထိန်းသိမ်းကာကွယ်ဖို့ဆိုတာ ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ ခံယူချက်ဖြစ်ပါတယ်။”
ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၃၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တာပါ။ မြန်မာလဖြစ်တဲ့ ပြာသိုလဆန်း (၁) ရက်နေ့ဟာ ကရင်ပြက္ခဒိန် အရ ပထမဆုံးလဖြစ်ပြီး စကောကရင်တွေက “သလေ” လို့ ခေါ်ဝေါ်ပြီး ပိုးကရင်တွေကတော့ “ထိုက်ကောင်ပို” လို့ခေါ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Karen Community Association-UK ရဲ့အတွင်းရေးမှူး အဲ့ထီကော်က ပြောပါတယ်။
“သလေ ဆိုတာကတော့ ကျနော်တို့ရဲ့ သက္ကရာဇ်မှာတော့ ပထမလ-ပေါ့နော်၊ ပထမလဆိုတော့- ဒါ့ကြောင့် သလေ-မတိုင်ခင် လပလု၊ လပလုဆိုရင် ၁၂ လပိုင်းပေါ့နော်၊ ၁၂ လပိုင်း လပလုအချိန်ဆိုတာ စပါးတွေ ဘာတွေ ရိုက်ပြီးကုန်။ ဓလေ့ထုံးစံအရကတော့ အရှေးတုန်းကတော့ နတ်တွေ၊ ဘာတွေ နောက်ပြီးတော့ ဝိဉာဉ်တွေ ဘာတွေလည်း ကိုးကွယ်တယ်လေ။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ် စောင့်ရှောက်ဖို့ --- စပါးတွေဘာတွေ အမြတ်ထွက်တာတွေကို နတ်တွေဘာတွေ ကျနော်တို့ ပြန်ပြီးတော့ ချီးကျူးတယ်။”
ဗြိတိန်နိုင်ငံမှာလည်း ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ (၃) ရက်နေ့မှာ ရိုးရာမပျက်ကျင်းပဖို့ စီစဉ်ထားကြောင်း အဲ့ထီကော်ကပြောပါတယ်။
“ကျနော်တို့ ကျင်းပမှာကတော့ နေရာ ၂ ခုပေါ့နော်၊ လန်ဒန်တခု၊ နောက်ပြီးတော့ --- မှာတခု။ --မှာတော့ ကရင်အများစုရှိတယ်ဆိုတော့ ---ဝန်ကြီးကတော့ ကျနော်တို့ကို ပြန်ပြီးတော့ အကြောင်းကြားတယ်၊ ဝမ်းသာတာပေါ့နော-သူတို့ကရင်တွေကို လက်ခံတာ။ နောက်ပြီး အခြား နိုင်ငံသားတွေလည်း အများကြီးရှိတော့ သူတို့က တအားဝမ်းမြောက်ကြတယ်။ နောက်ပြီးတော့ သူတို့လည်းဂုဏ်ယူတယ်၊ ဒါကြောင့် သူတို့က ဘယ်လိုခေါ်လဲ-ဆိုတော့ ---century ပေါ့နော်၊ အခြားလူမျိုး အများအားဖြင့် လာပြီးတော့ ခိုလှုံနေကြတဲ့ မြို့တမြို့ပဲဖြစ်တယ်ဆိုတော့ ကျနော်တို့လည်း ကျနော်တို့ ဝမ်းသာတယ်။ နောက်ပြီးတော့ အခြားဒုက္ခသည်လာလည်း ကျနော်တို့လိုမျိုးပေါ့နော် - သူတို့လည်း ကျနော်တို့ ဖိတ်ထားပါတယ်။”
ကရင်နှစ်သစ်ကူးပွဲတော်မှာ အဓိကအရေးပါတဲ့ ရိုးရာဖျော်ဖြေပွဲတွေကတော့ ဖါးစည်တီးတာ၊ ၀ါးညှပ်အက၊ ဒုံးယိမ်းအကတွေဖြစ်ပြီး ကရင်ရိုးရာ အ၀တ်တွေကို ခေတ်နဲ့အညီ တီထွင်ချုပ်လုပ်ထားတဲ့ဖက်ရှင်ပြိုင်ပွဲ၊ စကားရည်လုပွဲစတာတွေလည်း ပါဝင်ပါတယ်။ ပြည်ပရောက် ကရင်လူမျိုးတွေအနေနဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဓလေ့ထုံးထမ်း အစဉ်အလာမပျက်ကျင်းပကြတာဟာ ရေမြေခြားမှာကြီးပြင်းလာတဲ့ ကရင်မျိုးဆက်သစ်လူငယ်တွေကို ရိုးရာ အမွေအနှစ် ထိန်းသိမ်းနိုင်ဖို့ဖြစ်တယ်လို့ ကရင်ခေါင်းဆောင်တွေက ပြောဆိုပါတယ်ရှင်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/karen-new-year/2567686.html
ကရင်နှစ်သစ် ၂၇၅၄
Reviewed by သစ်ထူးလွင်
on
08:54
Rating: