ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ်နေ


ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး အတွက် ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ် နေကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် ရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရန် စီစဉ်လျက်ရှိပြီး အခြား လိုအပ်သော နည်းပညာများကိုလည်း ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာ နိုင်ငံ၌ လွတ်လပ်ရေး မရမီကာလ လျှပ်စစ်ရထားများ ပြေးဆွဲမှု ရှိခဲ့ကြောင်း၊ ၁၉၉၄-၁၉၉၅ ခုနှစ် အတွင်းက လျှပ်စစ်ရထား စက်ခေါင်း ဝယ်ယူ၍ ပြေးဆွဲရန် စီမံကိန်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။

ယခုအခါ လျှပ်စစ် ရထား ပြေးဆွဲမှုများကို ပြန်လည် အကောင်အထည်ဖော်မည် ဖြစ်ရာ ထော်လီကွေ့-ပန်းဆိုးတန်း-ပုဇွန် တောင်ကမ်းနားလမ်းတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရထား အူလမ်းကြောင်း အရှည် ၆ မိုင် ကျော်ရှိပြီး လျှပ်စစ်ရထား ပြေးဆွဲမှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် လာမည့်နှစ် အနည်းငယ်အတွင်း ရန်ကုန် မြို့ပတ်ရထား ပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်မှုများ ဆက်လက် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း ပြေးဆွဲလျက် ရှိသော ရထားလမ်းပိုင်းများနှင့် ရထားပြေးဆွဲမှုများ ကိုပါ အဆင့်မြှင့်တင် လုပ်ဆောင်လျက် ရှိနေပြီး ၂ဝ၁၅ ခုနှစ် အတွင်း ရန်ကုန် မြို့ပတ်ရထား အပါအဝင် အခြား အရေးကြီးသော ရထားလမ်းပိုင်းများ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုပါ ဂျပန်နိုင်ငံမှ အဓိက ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် မြို့ပတ်ရထား ပြေးဆွဲမှု လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျ နိုင်မည်ဖြစ်ပြီး JICA မှ ODA ချေးငွေ ရရှိနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

စိုးမိုး
မြ၀တီ
https://www.facebook.com/mwdmedia

ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ်နေ ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ်နေ Reviewed by သစ်ထူးလွင် on 10:51 Rating: 5
Powered by Blogger.