တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် ၄စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံ ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲမှာ အခင်းဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-မြိတ်ထားဝယ် ခရိုင်တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။
“ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တယောက်က ကားတစီးနဲ့ အဲဒီကို ရောက်လာတော့ ဓားပြက ခေါ်ပြီး ဆင်းခိုင်းတယ်။ သူတို့ကတော့ ဓားပြတိုက်ခံရမှန်း မသိဘူး။ ဆင်းတော့ ဓားပြတွေက သူ့ကိုပစ်တာပေါ့။ သူ့တပည့်တယောက်က ထွက်ပြေးတော့ အနောက်ကနေ လှမ်းပစ်ခံရလို့ ဆုံးသွားတယ်။ ”
ဗိုလ်ခင်ဝင်း ကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းမဆုံးသေးဘဲ နောက်မှ သူ့သူငယ်ချင်း တယောက်က သူ့ ကို ရေးဆေးရုံကို သွားပို့ချိန် လမ်းမှာဆုံးသွားတာလို့ ပြောပါတယ်။
အစိုးရတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ဓားပြတိုက်သူတွေဟာ ၁၀ ဦးလောက်ရှိပြီး အဲဒီဒေသမှာ အရင်တုန်းက ဓားပြတွေ ရှိဖူးတယ်လို့ ပြောဆိုကြောင်း ပဒိုအယ်နာက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့ အောင်ရတနာ အဝေးပြေးကားဂိတ်နဲ့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြပေမယ့် အသေးစိတ် ပြောဆိုတာ မရှိပါဘူး။
By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/73556
ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
18:47
Rating:
![ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYbmNFrXstZ12T5kG_IslQq4dOm2LeMiV0XsWMS6V14-l3tiGmThXpvLabffto36qZbqmlVohEDSn3kf1c1x2f8aLJgTcUAbu5qnE7vEBGoCwuN5NPnOmq7VSG86sASBRo5VLqozNtaE/s72-c/2.jpg)