ယာဉ်မောင်းအိပ်ငိုက် အမြန်ယာဉ် လမ်းလယ်တုံးပေါ်တက်


နေပြည်တော် ဒီဇင်ဘာ ၂၉

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် အမြန်လမ်း ရဲတပ်ဖွဲ့စခန်း ဥသျှစ်ကုန်းနယ်မြေပိုင် မိုင်တိုင် ၆၆ မိုင် ၃/၄ ဖာလုံကြား၌ ယနေ့ နံနက် ၆ နာရီတွင် ခရီးသည် Express ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ် ဘာရီယာတုံးများပေါ် ရောက်ရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့သစ်-ဒဂုံခရီးသည် ယာဉ်လိုင်းမှ ယာဉ်မောင်း သိန်း ဇော်တိုး မောင်းနှင်လာသော ဟွန်ဒိုင်း YGN...4C/....... ခရီးသည်တင် အမြန်ယာဉ်သည် ဒီဇင်ဘာ ၂၈ ရက် ညနေက ခရီးသည် အမျိုးသား၊ အမျိုးသမီး ၄ဝ တင်ဆောင်၍ တောင်တွင်းကြီးမှ ရန်ကုန်သို့ အမြန်လမ်းမကြီးအတိုင်း မောင်းလာစဉ် ယာဉ်မောင်း အိပ်ငိုက်၍လမ်းလယ်ကျွန်း ကွန်ကရစ်တုံးများပေါ်ရောက် ရှိတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ခရီးသည် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မော်တော်ယာဉ် ဦးခေါင်းရှေ့ ဘယ်ဘက်အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။

ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည်တစ်ဦးက ''ကားက တောင်တွင်းကြီးက စထွက်ကတည်းက နတ်မောက်ရာမွန်မှာ တစ်ခါ၊ မိုင်တိုင် ၂၅ဝ အနီးမှာတစ်ခါ စုစုပေါင်းနှစ်ခါပျက်တယ်။ ကားက ချွတ်ယွင်းတဲ့အတွက် ယာဉ်မောင်းကလည်း ဖြည်းဖြည်းမောင်းပါတယ်၊ ယာဉ်မောင်းက အရက်သေစာသောက်ထားခြင်းလည်းမရှိဘူး။ ယာဉ်ပေါ်ပါ ခရီးသည်တော်တော်များများ အိပ်ပျော်နေတုန်း အသံတစ်သံကြားရပြီး ကားကြီးစောင်းသွားတယ်။ ခရီးသည်တွေအားလုံးနိုးတော့ ကားက လမ်းလယ်ဘာရီယာတုံးပေါ် ရောက်နေပြီ၊ ဖြစ်ဖြစ်ချင်း ဥသျှစ်ကုန်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းက အချိန်နှင့်တစ်ပြေးညီရောက်ရှိလာပြီး ခရီးသည်တွေကို ကူညီလမ်းရှင်းတာတွေ လုပ်ပေးပါတယ်'' ဟု ပြောကြားသည်။

မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်မောင်းအိပ်ငိုက် အမြန်ယာဉ် လမ်းလယ်တုံးပေါ်တက် ယာဉ်မောင်းအိပ်ငိုက် အမြန်ယာဉ် လမ်းလယ်တုံးပေါ်တက် Reviewed by သစ်ထူးလွင် on 06:20 Rating: 5
Powered by Blogger.