ကာနို ဒီဇင်ဘာ ၂၇
(၁၃) နှစ်အရွယ် မိန်းကလေး တစ်ဦးက ဘိုကိုဟာရမ် သူပုန်များ၏ နိုင်ဂျီးရီးယားနိုင်ငံ ဈေးတစ်နေရာတွင် အသေခံ ဗုံးဖောက်ခွဲရန် ခိုင်းစေမှုကို ငြင်းဆန်ခဲ့ပြီး ရဲအရာရှိများထံ ဖမ်းဆီးခြင်း ခံခဲ့ကြောင်း စကိုင်းနယူးစ်က ယနေ့ ဖော်ပြထားသည်။
''အဖေက အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်ထဲ ကျွန်မကို အပ်နှင်းခဲ့တာပါ။ ကျွန်မ အသေခံ ဗုံးဖောက်ခွဲရေးသမားမဖြစ်ချင်ပါဘူး'' ဟုဇာဟာရာ အူအဒမ်ကပြောသည်။
''ဘိုကိုဟာရမ်တွေက ကျွန်မကို ဗုံးတွေပါတဲ့ ခါးပတ်ကို ပတ်ခိုင်းခဲ့ပါတယ်။ ပြီးတော့ သူတို့ခိုင်းတာကိုငြင်းရင် အရှင်လတ်လတ်မြေမြှုပ်ပစ်မယ်'' လို့ ခြိမ်းခြောက်ခဲ့တယ်''ဟု ၎င်းကဆိုသည်။
ဘိုကိုဟာရမ်များက ဇာဟာရာအူအဒမ်ကို အခြားသောအသေခံ ဗုံးဖောက်ခွဲသမား မိန်းကလေးနှစ်ဦးနှင့်အတူ ကာနိုမြို့ ဈေးတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၁ဝ ရက်တွင် အဆိုပါမိန်းကလေး နှစ်ဦးက လူထူထပ်သောဈေးနေရာတွင် အသေခံဗုံးဖောက်ခွဲခဲ့ရာ လူ လေးဦး သေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။
ဇာဟာရာအူအဒမ်အနေဖြင့် သူနှင့်အတူလိုက်ပါလာသော မိန်းကလေးနှစ်ဦး၏ အသေခံဗုံးခွဲသည့်မြင်ကွင်းကို မြင်ပြီး ကြောက်ရွံ့ခဲ့သဖြင့် အသေခံ ဗုံးဖောက်ခွဲရန် မဝံ့မရဲဖြစ်ကာ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘိုကိုဟာရမ်သူပုန်များက နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်တွင် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရန် လွန်ခဲ့သော ငါးနှစ်ကစပြီး တိုက်ခိုက်ရေး များဆင်နွှဲနေပြီး အထူးသဖြင့် အသေခံဗုံးခွဲမှုများတွင် မိန်းကလေးငယ်များကို ပိုမိုအသုံးချလာကြောင်းသိရသည်။
စကိုင်းနယူးစ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အသေခံဗုံးခွဲရန် ခိုင်းစေခြင်းခံရသော မိန်းကလေး အသက်ဘေးမှ လွတ်မြောက်
Reviewed by သစ်ထူးလွင်
on
03:25
Rating: